Saturday, June 28, 2014

၄၃၆ ဟောပြောမှု ရခိုင်တွင် လုပ်မည်၊ ရခိုင်ပါတီ ပူးပေါင်းရန် မသေချာ

ဟိန်းကိုစိုး

ရခိုင်ပြည်နယ်၊ စစ်တွေတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ စီစဉ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲပြုလုပ်ရန် စီစဉ်နေပြီဖြစ်သော်လည်း ရခိုင်အမျိုးသားပါတီ တည်ထောင်သူအဖွဲ့ဝင် ဦးဦးလှစောကမူ ပူးပေါင်းရန် မဆုံးဖြတ်ရသေးဟု မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့လည်း ဖွဲ့စည်းပုံပြင်ရေး ပုဒ်မ ၄၃၆ ပြင်ရေးဆိုတာကို ယေဘုယျသဘောတူတယ်။ ဒါပေမဲ့ ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်သွားနေတာ ရခိုင်မှာ ပူးပေါင်းလုပ်ဖို့အတွက် ဆွေးနွေးတာလည်း မရှိပါဘူး။ သူတို့ဘက်က လာဆွေးနွေးရင်တော့ တစ်မျိုးပေါ့”ဟု ဦးဦးလှစောက ဇွန် ၂၆ ရက်တွင် ပြောသည်။

အင်န်အယ်လ်ဒီနှင့် ၈၈ ငြိမ်းပွင့်တို့က စစ်တွေမြို့ လူထုဟောပြောပွဲကို ဇူလိုင် ၁၂ ရက်၌ပြုလုပ်ရန် ပူးပေါင်းကော်မတီက ဆုံးဖြတ်ထားသည်ဟု ကော်မတီဝင် အင်န်အယ်လ်ဒီ ဗဟိုအလုပ်မှုဆောင်ကော်မတီ ၀င် ဦးထွန်းထွန်းဟိန်က ပြောသည်။ သို့သော် အန်အယ်လ်ဒီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန်မှာမူ အတည်မပြုနိုင်သေးဟု ၎င်းက ဆိုသည်။

“ရခိုင်ပြည်သူတွေအားလုံးကတော့ တိုင်းရင်းသားတွေအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တရားမျှတမှုရဖို့အတွက် ဖွဲ့စည်းပုံကို ပြင်မယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမဲ့ ရခိုင်ကိစ္စမှာ ဒေါ်စုအနေနဲ့ ထဲထဲဝင်ဝင် မပါတာကို မကြိုက်ကြတာတော့ရှိတယ်။ ၄၃၆ ပြင်ဖို့လုပ်တာနဲ့တော့ မဆိုင်ဘူး” ဟု ရသေ့တောင် မဲဆန်္ဒနယ် အမှတ် (၂ )ရခိုင် ပြည်နယ်အမတ် ဦးဖိုးမင်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ၄၃၆ ပြင်ဆင် ရေးကိုစစ်တွေတွင် ပထမဦးဆုံး ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်နယ်၏ တခြားမြို့နယ် များတွင်ပြုလုပ်နိုင်ရန် ရခိုင်တိုင်းရင်းသား ပါတီများနှင့်ဆွေးနွေးမည်ဟု အင်န်အယ်လ် ဒီ၏ ရခိုင်ပြည်နယ် စည်းရုံးရေးတာဝန်ခံ ဦးညီပုက ပြောသည်။

၈၈ငြိမ်းပွင့်မှ ပူးပေါင်းကော်မတီဝင် ဦးဂျင်မီကမူ “လက်ရှိတော့ ပူးပေါင်းကော်မတီကနေ ဦးဆောင် လုပ်နေတာပါ။ တခြားနေရာတွေမှာလုပ်ဖို့အတွက် လိုအပ်မယ်ဆိုရင် ရခိုင်ပါတီတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့အတွက်ကို ဆွေးနွေးမှာပါ” ဟု ဆိုသည်။

လက်ရှိ၌မူ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ကောက်ခံမှုများ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေပြီ ဖြစ်သော်လည်း ဆန္ဒပြုသူနည်းပါးသေးသည်ဟု စစ်တွေမြို့နယ် အင်န်အယ်လ်ဒီဥက်္ကဋ္ဌဦးစံရွှေသိန်းက ပြောသည်။

“လက်မှတ်ထိုးဖို့ဖွင့်ထားတဲ့နေရာမှာလာထိုးတာတော့နည်းတယ်။ ဒါပေမဲ့ လက်ဖက်ရည်ဆိုင်တို့ ဘာတို့မှာ ချိန်းပြီးထိုးတာတော့ရှိတယ်” ဟု ဦးစံရွှေသိန်းက ပြောသည်။

ရန်ကုန်၊မန္တလေးနှင့် ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်တို့၌မူ ပုဒ်မ ၄၃၆ ပြင်ဆင် ရေး ဆန္ဒပြုလက်မှတ်ပေါင်း တစ်ဆယ့်ငါးသိန်း ငါးသောင်းကျော်ရရှိနေပြီဟု အန်အယ်လ်ဒီနှင့် ၈၈ ငြိမ်းပွင့် ပူးပေါင်း ကော်မတီက ထုတ်ပြန်သည်။

No comments: