Saturday, June 28, 2014

ရိုးမအလင်းတက္ကသိုလ်ဝင်တန်း( အခမဲ့)ပညာသင်ကျောင်း ဖွင့်ပွဲအခမ်းအနား စစ်တွေမြို့တွင်ကျင်းပ

နှင်းသန္တာ

၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ရိုးမအလင်း တက္ကသိုလ်ဝင်တန်း (အခမဲ့) ပညာသင်ကျောင်းဖွင့်ပွဲ အခမ်းအနားနှင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် စာမေးပွဲအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား ဆုပေးပွဲအခမ်းအနားကို စစ်တွေမြို့တွင် ဇွန်လ ၂၆ ရက် ယမန်နေ့က ကျင်းပခဲ့သည်။

၎င်းအခမ်းအနားအား နေ့လည် (၁) နာရီခွဲ အချိန်တွင် ဂြစ်ဘက်ကျောင်းရှိ ဓမ္မာရုံတွင် ကျင်းပခဲ့ရာ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများအပါအ၀င် ပညာရေးကိုစိတ်ဝင်စားသူ လူပေါင်း (၂၀၀) နီးပါး တက်ရောက်ခဲ့သည်။

ရိုးမအလင်း (အခမဲ့) ပညာသင်ကျောင်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ဆရာ ဦးမြင့်နောင်က ယခုလို ပြောသည်။

(၁) ရခိုင်ပြည်ပညာရေး တိုးတက် မြင့်မားရေးအတွက်၊ တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်ရေး။

(၂) မျိုးဆက်သစ်ရခိုင်လူငယ်များ ပညာတတ်ဖြစ်မြောက်ရေး။

(၃) ပုဂ္ဂလိက ဆရာများအသင်း၏ အသင်းဝင်ဆရာဆရာများအားလုံးက စေတနာထက်သန်စွာဖြင့် ရခိုင်ပြည်မှ ဆင်းရဲနွမ်းပါးသော ကျောင်းသူကျောင်းသားများကိုအဓိကထား ကူညီပံ့ပို့ပြီး အသင်းဝင် ဆရာဆရာမများ သာရေးနာရေးကအစ အတတ်နိုင်ဆုံး အသင်းမှပါဝင်ပြီး ပံ့ပို့ပေးရေး စသည့်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ပြောသည်။

ရိုးမအလင်း (အခမဲ့) ပညာသင်ကျောင်း ကြုံတွေ့နေရသည့်အခက်အခဲများကိုလည်း သူက ယခုလို ဆိုသည်။

“ ကျနော်တို့ ဒီကျောင်းကို စဖွင့်တဲ့ အချိန်မှာ နေရာအခက်အခဲတွေ အများကြီး ရှိခဲ့တယ်။ ကျောင်းသား ကျောင်းသူတွေ အတွက် စာသင်ခုံတွေမလုံလောက်ခဲဘူး။ ပြီးတော စာအုပ်တွေ မလုံလောက် တာတွေလည်း ရှိပါတယ်။ နောက်တဖြည်းဖြည်းနဲ့ အလှူရှင်တွေပေါ်ပေါက်လာတယ်။ အားလုံးတော့ ပြည့်စုံမှုမရှိသေးပါဘူး။ အသင့်အတင့်လောက်တော ပြည်စုံသွားပါပြီ” ဟုဆိုသည်။

ယင်းကျောင်းဖွင့်ပွဲ အခမ်းအနားတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအားလည်း ဆုများချီးမြှင့်ခဲ့သည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ် အတွင်း ကျောင်းသားကျောင်းသူ(၁၀၂)ယောက်ပညာသင်ကြားခဲ့ကာ အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲ စစ်ချိန်တွင် ကျောင်းသားဦးရေ ၆၀ သာ ကျန်ရှိခဲ့ပြီး ထိုအထဲမှ
(၉) ဦးသာ အောင်မြင်ခဲ့သည်။

ရိုးမအလင်း တက္ကသိုလ်ဝင်တန်း (အခမဲ့) ပညာသင်ကျောင်းကို စစ်တွေမြို့ ဂြစ်ဘက်ဘုန်းတော်ကြီး ကျောင်းတိုက်တွင် ဖွင့်လှစ်ထားကာ ယခုပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ (၈၆)ဦး ရှိ့ပြီး ဆရာဆရာမ (၁၈) ဦးက ပညာသင်ကြားပေးနေကြောင်း သိရသည်။

No comments: