Friday, June 27, 2014

ပျက်စီးနေသည့်တံတားမှ ဖြတ်သွားနေရသည့် ကျောင်းသားများအတွက် မိဘများစိုးရိမ်နေရ

ဝေေ၀အောင်

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါငံရောက် ကျေးရွာနှင့် အောင်ချမ်းသာ ရွာကြားရှိ ချောင်းကူး တံတားသည် ဟောင်းနွမ်း ယိုယွင်းနေသည့်အတွက် ကျောင်းသားကျောင်းသူလေးများ ၎င်းချောင်းကို ဖြတ်ကူးရာ အသက်အန္တရာယ် စိုးရိမ်နေကြရသည်ဟု ကျောင်းသားမိဘ တစ်ဦးက ကန္တာရ၀တီတိုင်း(မ်) သို့ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ သားသမီးတွေ ဒီတံတားပေါ်မှာ မဆော့ဖို့ အင်မတန်မှ စိုးရိမ်ရတယ်။ ဒီတံတားမှာ မနေပါနဲ့ ကျောင်းသွားရင် ချက်ချင်းသွားပါ။ အဲ့ဒီလို ပေါ့နော။ အမြဲတမ်းလိုလို သွားကြည့်နေရတယ်” ဟု အောင်ချမ်းသာရွာမှ ဦးစောရာကိုကပြောသည်။

ဒီးမောဆိုမြို့၊ ငွေတောင်ဆည်မှတဆင့် ထွက်လာသော ရေပေးမြောင်းတွင် တည်ဆောက်ထားသည့် ၎င်းတံတားသည် ဒေါငံရောက်ရွာနှင့် အောင်ချမ်းသာရွာကြား ကူးလူးဆက်ဆံရာတွင် ဆက်သွယ်ပေးထားသည့် တစ်ခုတည်းသော တံတားဖြစ်သည်။

ထိုတံတားကို အောင်ချမ်းသာမှ ကျောင်းသူကျောင်းသား ကလေးငယ်များ ကျောင်းသို့ သွားသည့်အခါ နေ့ရောညပါ ဖြတ်သန်းသွားလာနေရသည့်အပြင် တောင်သူများက လယ်ယာထုတ်ကုန်များ သယ်ဆောင်ရာအဓိက ဖြတ်သန်းသွားသော နေရာဖြစ်ကြောင်း သိရသည်။

ယခုအခါတွင် ကျွဲ၊ နွား တိရိစ္ဆာန်များ လှည်းယာဉ်များ သွားလာ၍ မရနိုင်လောက်အောင် ပျက်စီး ယိုယွင်းနေပြီဖြစ်သည်။

အ.မ.က အောင်ချမ်းသာ မူလတန်းကျောင်းတွင် ကျောင်းတက်ပြီး ထိုတံတားကို နေ့ရောညပါ ဖြတ်သန်းသွားလာသူ စတုထ္ထတန်းကျောင်းသားလေး မောင်ဂျွန်ဘားရီယို သည်လည်း “တံတားအရမ်းပျက်နေပြီ။ ပြီးတော့ သွားရလာရတာ နည်းနည်း အန္တရာယ်ရှိတယ်။ တံတားမြန်မြန် ပြင်ပေးပါ” ဟု ပြောသည်။

တံတားအောက်ခြေမှ သွင်သွင်စီးနေသောရေကြောင့် အပေါက်ဖြစ်နေသောထိုတံတားမှာ ကလေးများ အခန့်မသင့်လျှင် ပြုတ်ကျပြီး အန္တရာယ်ရှိနိုင်ကြောင်းလည်း ကျောင်းသားမိဘတဦးက ဆိုသည်။

No comments: