Sunday, June 29, 2014

KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး တာမလာဘော၏ ဈာပန ဇွန်၃ဝရက်တွင် စစ်ရေးအခမ်းအနားဖြင့် လုပ်မည်

ဖနိဒါ

ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး တာမလာဘော၏ ဈာပနကို လာမည့် ဇွန်လ ၃ဝ ရက်တွင် စစ်ရေးအခမ်းအနားဖြင့် ကရင်ပြည်နယ် ဘားအံခရိုင် KNU၏ ဗဟိုဌာနချုပ်တွင် သင်္ဂြိုလ်မည်ဟု KNU ဗဟိုရုံးအဖွဲ့မှူး စောစေးစေးက မဇ္ဈိမကို ပြောသည်။

ဇွန်လ ၂၆ ရက် ည ၉ နာရီခွဲတွင် ကွယ်လွန်သွားသော ဗိုလ်ချုပ်ကြီး တာမလာဘော၏ ရုပ်ကလပ်ကို ဇွန်လ ၂၈ ရက်တွင် ထိုင်း-မြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင် မဲစရီးယန်း နေအိမ်မှ KNU ဗဟိုဌာနချုပ်သို့ တပ်မဟာ ၇ ပို့ဆောင်သွားမည်ဟု စောစေးစေးက ပြောသည်။

“ကျွန်တော်တို့ တပ်မတော်ဌာနချုပ် တပ်မဟာ ၇ ဌာနချုပ်နယ်မြေမှာ လုပ်တယ်။ အစီအစဉ်က စီစဉ်နေတုန်းပဲ။ ကျွန်တော်တို့ လုပ်နေကျ စစ်ရေးအခမ်းအနားတွေ ပါမယ်။ မဟာမိတ်အဖွဲ့အစည်းတွေ သဝဏ်လွှာတွေဖတ်၊ သူ့ရဲ့ဖြတ်သန်းလာတဲ့ တော်လှန်ရေးအကြောင်းတွေ ရှင်းပြမယ်”ဟု စောစေးစေးက ပြောသည်။

ဗိုလ်ချုပ်ကြီး စောတာမလာဘော ကွယ်လွန်သွားခြင်းမှာ ကရင့်တော်လှန်ရေးတွင် မယိမ်းယိုင်ဘဲ အခိုင်အမာ ရပ်တည်ခဲ့သော ခေါင်းဆောင်တဦး လျော့သွားခြင်း ဖြစ်သည်ဟု KNU ၏ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ စောဒေးဗစ်တာကဘောက မဇ္ဈိမကို ပြောသည်။

“အခိုင်အမာရပ်တည်တဲ့ ခေါင်းဆောင်တဦး လျော့သွားတာပေါ့၊ သူက တော်လှန်ရေးမှာတော့ စောဘဦးကြီး မူအပေါ်မှာ အခိုင်အမာ ကိုင်ပြီး ရပ်တည်ခဲ့တယ်။ ယိမ်းယိုင်ခြင်း မရှိခဲ့ဘူး။ တော်လှန်ရေးအတွင်းမှာ သဘောထားတွေ၊ မူဝါဒတွေ အမျိုးမျိုးပေါ်ပေါက်တယ်။ သူ့အနေနဲ့ မယိမ်းယိုင်ဘူး။ ကရင်အမျိုးသားတွေ ဖိနှိပ်ခံဘဝကနေ လွတ်မြောက် ရေးအတွက် စောဘဦးကြီး မူအရ အခိုင်အမာ ရပ်တည်ပြီးတော့ ကြိုးစားခဲ့တယ်”ဟု သူက ပြောသည်။

စောတာမလာဘောက ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလက ပြုလုပ်ခဲ့သော ၁၅ ကြိမ်မြောက် KNU ကွန်ကရက်တွင် ကျန်းမာရေးကြောင့် ဥက္ကဋ္ဌ တာဝန်မှ တရားဝင် အနားယူခဲ့သည်။ အနားယူပြီးနောက် KNUတွင် အကြံပေး နာယကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ် ယုံကြည်မှု ခိုင်ခိုင်မာမာ တည်ဆောက်ကာ အပစ်အခတ် ရပ်စဲရေး သဘောတူပြီး နိုင်ငံရေး ဆွေးနွေးပွဲအထိ ဆက်သွားရေးကို လက်ကိုင်ထားသူဖြစ်သည်ဟု စောဒေးဗစ်တာကဘောက ပြောသည်။

ဗိုလ်ချုပ်ကြီး တာမလာဘောသည် ၁၉၂ဝ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်တွင် မွေးဖွားခဲ့ပြီး မွန်ပြည်နယ် မော်မြိုင်မြို့တွင် မွေးဖွားခဲ့ပြီး ကရင့်တော်လှန်ရေးတွင် နှစ်ပေါင်း ၆၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

လက်ရှိ KNU ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောဘီလပ်စိန်နှင့် KNLA စစ်ဦးစီး ပထမတန်း ဗိုလ်မှူးချုပ် မဲအေစိန်တို့သည် ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး တာမလာဘော၏ သားသမီးများ ဖြစ်သည်။

၁၉၁၃ ခုနှစ် အောက်တိုဘာလက ဇနီး နော်ဖောကဝေါနှင့် လက်ထပ်ခဲ့ကာ သား ၃ဦး၊ သမီး ၅ဦးမွေးဖွားခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်က အသက် ၉၅ နှစ်အရွယ် ဇနီး နော်ဖောကဝေါ ကွယ်လွန်ခဲ့သည်။ သူကွယ်လွန်ချိန်တွင် သားသမီး ၈ ဦး မြေး ၃၂ ဦးနှင့် မြစ် ၃၇ ဦးတို့ ကျန်ရစ်ခဲ့သည်။

စောတာမလာဘောသည် ၁၉၃၈ ခုနှစ်တွင် မန္တလေးတိုင်း မြေမြို့ရှိ BurmaRifle ထဲ ဝင်ရောက်ကာ ထောက်လှမ်းရေးညွန်ကြားရေးမှူး တာဝန်နှင့် အခြေခံ စစ်သင်တန်း ဆရာ (Intelligent and Army Education Instructor) လုပ်ကိုင်ခဲ့သည်။

၁၉၄၂ ခုနှစ်တွင် ဂျပန်ဝင်ရောက်လာပြီး အင်္ဂလိပ်တပ်များ ပြန်ဆုတ်ခွာချိန် ဗန်းမော်အထိ အင်္ဂလိပ်တပ်များနောက်သို့ လိုက်သွားခဲ့ပြီး အင်္ဂလိပ်တပ်များ ဖျက်သိမ်းချိန်တွင် မော်လမြိုင်သို့ ပြန်လာခဲ့သည်။

၁၉၄၅ ခုနှစ်တွင် စစ်အတတ်ပညာ(Army Education Instructor Course) သင်တန်းပို့ချခဲ့ပြီး တောင်ငူမြို့ သောသီခိုရှိ 136 Guerilla Force သို့ ဝင်ရောက်သည်။ ၁၉၄၆ ခုနှစ်တွင် တောင်ငူမြို့ရှိ First Karen Rifle ထဲ ဝင်ရောက်ကာ အင်္ဂလိပ်တပ်များ ပြန်လာချိန်တွင် ထောက်လှမ်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၄၆- ၁၉၄၈ ခုနှစ်ထိ B.N.I.O တပ်ရင်း ထောက်လှမ်းရေး အရာရှိအဖြစ် တာဝန်ယူခဲ့သည်။

၁၉၄၉ ခုနှစ် ကရင်တော်လှန်ရေးထဲ စတင်ဝင်ရောက်လာကာ အရာရှိအဖြစ် အင်းစိန်တိုက်ပွဲနှင့် မြစ်ဝကျွန်းပေါ်ဘက်မှ တပ်ဆုတ်လာသော တပ်များကို ရာထူး ပြန်လည် စိစစ်ပေးခဲ့သည်။

၁၉၅ဝ-၁၉၅၃ ခုနှစ်ထိ တောင်ငူတပ်မဟာတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၊ တရုတ်ဖြူတို့နှင့် ဆက်ဆံရေးအတွက် ဆက်ဆံရေး အရာရှိအဖြစ် တာဝန်ယူခဲ့သည်။

၁၉၈၆ ခုနှစ် သြဂုတ်လတွင် ဒုတိယ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ၂ဝဝ၄-၂ဝဝ၈ ခုနှစ်တွင် KNU ၏ ဒုဥက္ကဋ္ဌ တာဝန်ယူခဲ့ကာ ၂ဝဝ၈-၂ဝ၁၂ ထိ KNU ၏ ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။

No comments: