Sunday, June 29, 2014

ယူနတီ ဂျာနယ်တိုက်မှ ဝန်ထမ်းများလုပ်ခလစာ ရရှိရေးအတွက် စာနယ်ဇင်းကောင်စီကိုတင်ပြမည်

ကေဇူး

ထုတ်ဝေမှုရပ်ဆိုင်းလိုက်သော ယူနတီ ဂျာနယ်တိုက်မှ ဝန်ထမ်းများ၏ လုပ်ခလစာများ ရရှိရေးအတွက် စာနယ်ဇင်းကောင်စီက တစ်ဆင့် တောင်းဆိုသွားမည်ဟု ယင်းသတင်းဌာန မှ အယ်တီတာ မလျာဆွေက ဇွန် ၂၇ ရက်တွင် မဇ္ဈိမကိုပြောသည်။

“အရင်ကတော့ ကလေးတွေကို ရုံးကိုနားလည်ပေးဖို့ ပြောထားတယ်။ ဒါပေမယ့် ရုံးအဖွဲ့မှူးက ဝန်ထမ်းတွေ အလုပ်မလုပ်လို့ ဂျာနယ် ပိတ်လိုက်ရတယ်လို့ သတင်းဌာန တွေကို ဖြေကြားလာတဲ့အတွက် ကလေးတွေက ထိန်းမရတော့ဘူး။ ဒါကြောင့် ကျွန်မတို့က စာနယ်ဇင်းကောင်စီကို စာတင်ပြီး ရပိုင်ခွင့်ကို တောင်းဆိုသွားမှာပါ”ဟု မလျာဆွေက မဇ္ဈိမကိုပြောသည်။

ယူနတီ သတင်းဂျာနယ်ကို ဇွန် ၂၆ ရက်က နောက်ဆုံးထွက်ရှိခဲ့ခြင်းဖြစ်သည်။

“ဂျာနယ်ပိတ်လိုက်ရတဲ့ အဓိက အကြောင်းရင်းက ငွေကြေးအခက်အခဲကြောင့် ဖြစ်ပါတယ်၊ ဝန်ထမ်းတွေ အလုပ်မလုပ်ဘူးဆိုတာ အချို့ကိုပြောတာပါ။ အားလုံးကိုမပြောပါဘူး”ဟု ရုံးအဖွဲ့မှူး ကိုရဲဝင်းနောင်က မဇ္ဈိမကိုပြောသည်။

ယူနတီ သတင်းဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနှင့် ယူနတီ သတင်းထောက်လေးဦး တို့မှာ ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်ထုတ် အတွဲ ၃ အမှတ် (၄)တွင် ဖော်ပြခဲ့သော “လက်ရှိကာချုပ်နှင့် တရုတ်ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိလျှို့ဝှက်ဓာတု လက်နက်စက်ရုံ အမည်ရှိ သတင်းဆောင်းပါးကြောင့် အစိုးရက မြန်မာနိုင်ငံလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃(၁) (က/၉) ဖြင့် တရားစွဲဆိုခဲ့သည်။

No comments: