Monday, June 30, 2014

မြန်မာ-ဗီယက်နမ်၏ ကုန်သွယ်မှုပမာဏ ပိုမိုမြင့်တက်လာဖွယ်ရှိနေဟုဆို

ထင်လင်းအောင်

လက်ရှိကုန်သွယ်မှုအနေအထားများအရ မြန်မာ-ဗီယက်နမ်၏ ကုန်သွယ်မှုပမာဏမှာ အဆင့်တက် လာဖွယ်ရှိ နေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကြီးဌာနမှကုန်သွယ်မှုမြင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောဆိုလိုက်သည်။

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ကုန်သွယ်မှု ၊ ရင်းနှီးမြှုပ်နှံမှု ၊ခရီးသွားကဏ္ဍနှင့် စီးပွားရေးဆိုင်ရာ ချိတ်ဆက်ဆောင် ရွက်မှုများ မြှင့်တက်လာရေး အတွက် ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ကုန်သည်စက်မှုအသင်းချုပ် UMFCCI တွင် ဇွန်လ ၂၆ ရက်က ကျင်းပစဉ် ၎င်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ ဗီယက်နမ်နဲ့ကတိုးတက်လာဖို့ရှိပါတယ် ။ ပြီးခဲ့တဲ့ ၂ဝ၁၃-၁၄ ဘဏ္ဍာ နှစ်ကဆို ရင် အရင်နှစ်တွေ ထက်တိုး ညလာတယ် ။ ဒီနှစ်မှာလည်း ဘဏ္ဍာနှစ်အစပဲရှိသေးလို့ မှန်းရခက်ပေမယ့် အရင်က ထက် ကုန်သွယ်မှုမြင့်လာ နေတဲ့အတွက် ကုန်သွယ်မှုအဆင့်က တက်လာနိုင်စရာရှိပါတယ်”ဟု ဦးဝင်းမြင့်က ပြောသည်။

ကုန်သွယ်မှုအနေဖြင့် မြန်မာနိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံသို့ လယ်ယာထွက်ကုန်တင်ပို့မှုတွင် မြင့်မားလာ နေခြင်းဖြစ်ကာဗီယက်နမ်၏ရင်းနှီးမြှုပ်နှံမှုများအတွက် ကုန်ကြမ်းပစ္စည်းသွင်းကုန်များရှိနေခြင်းများကြောင့် ယခု ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်တွင် ယခင်နှစ်များထက် ကုန်သွယ်မှုများမြှင့်တက်လာမည့် အခြေအနေများ ရှိနေသည်ဟု ဆိုသည်။

လက်ရှိတွင် မြန်မာ-ဗီယက်နမ်ကုန်သွယ်မှုသည် အဆင့် ၁ဝ နေရာတွင်ရပ်တည်နေခြင်းဖြစ်သည်။

UMFCCI၏ ဗဟိုအလုပ်အမှုဆောင် ဦးစိန်ထွေးက “ဗီယက်နမ်အနေနဲ့ကုန်သွယ်မှုတွေတိုးမြှင့်ဖို့ဆိုပြီး ဗီယက်နမ်-မော်လမြိုင် တိုက်ရိုက်ကုန်သွယ်မှုတွေတောင် လုပ်နေတာရှိတယ် ။ အခုက ကုန်လမ်းနဲ့ ရေလမ်းတွေ ကို သွားနေပေမယ့် နောက်ပိုင်းမှာ ရေကြောင်းကိုအဓိကထားကုန်သွယ်မှုလုပ်ဖို့တောင်ဒီနေ့မှာ ပြောတာရှိ တယ်” ဟု ဆွေးနွေးပွဲဆောင်ရွက်မှုကို ညွှန်းဆိုပြောသည်။

ထိုသို့ ကုန်သွယ်မှုမြင့်တက်လာရန်အခြေအနေရှိသော်လည်း သွင်းကုန်ပမာဏကသာများနေဆဲဖြစ်ရာ နိုင်ငံ ကုန်သွယ်မှုပြုရာတွင် လိုငွေပြဆဲဖြစ်နေဦးမည်ဟု ကုန်သွယ်မှုမြင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့် က ထပ်မံပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ဗီယက်နမ်သို့ ကန်ဒေါ်လာ သန်း၁၁ဝ ဖိုးတင်ပို့နိုင်ခဲ့ပြီး ဗီယက်နမ်မှသွင်းကုန် သန်း ၁၈ဝ ကျော်ရှိခဲ့ရာ စုစုပေါင်း ကုန်သွယ်မှုပမာဏ သန်း ၂၈ဝ ကျော် ရှိခဲ့သည် ဟု ဆိုသည်။

No comments: