Sunday, June 29, 2014

ဒုစရိုက်လုပ်ငန်းတွေကို တိုင်စာမစောင့်ဘဲ သိသည်နှင့် အရေးယူလျှင် ပိုပြီးအောင်မြင်နိုင်

စိုးသန်းလင်း

နိုင်ငံအဝှမ်းကျူးလွန်လျက်ရှိသည့် မူးယစ်ဆေးရောင်းဝယ်မှု၊ သုံးစွဲမှု၊ ချဲနှင့်ဘောလုံးလောင်းကစားဒိုင်များ၊ KTV နှင့် အနှိပ်ခန်းအချို့၏ လိင်ဈေးကွက်များ စသည့် ဒုစရိုက်မှုများ ပပျောက်ရန် အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ပြည်သူ့တိုင်ကြားစာများကို စောင့်မနေဘဲ မိမိတို့သိထားသည့်အတိုင်း အရေးယူကြမည်ဆိုလျှင် ပိုမိုအောင်မြင်နိုင်သည်ဟု အမရပူရမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက မီဒီယာသို့ ပြောခဲ့သည်။

“ ဖမ်းဆီးတယ်လို့ပြောတယ်၊ ဒါပေမယ့်ဘာကြောင့် ဒီလုပ်ငန်းတွေများနေတာလဲ၊ ဖမ်းဆီးအရေးယူတဲ့ အရေအတွက်ကလည်း တစ်နိုင်ငံလုံးနဲ့ယှဉ်ရင် အတော်နည်းနေတယ်၊ ကျန်တဲ့ ဒုစရိုက်လုပ်ငန်းတွေ ဘာကြောင့် မဖမ်းတာလဲ၊ ပြည်သူတွေက သတင်းပေးလာရင် အရေးယူဆောင်ရွက်မယ်ဆိုတာထက် တာဝန်ရှိသူတွေကိုယ်တိုင် သိထားပြီးတဲ့အတိုင်း အရေးယူသွားမယ်ဆိုရင် ဒုစရိုက်လုပ်ငန်း ပပျောက်ရေးမှာ ပိုပြီးအောင်မြင်နိုင်ပါတယ်” ဟု ၎င်းက ဇွန်လ ၂၇ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မေးမြန်းခဲ့သည့် ဒုစရိုက်လုပ်ငန်းများ ပပျောက်ရေးဆိုင်ရာ မေးခွန်းအား ပြည်ထဲရေး ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခြင်းကို ရည်ညွန်းပြောဆိုခဲ့သည်။

ဒုစရိုက်လုပ်ငန်းများ ဖမ်းမိသည့် အရေအတွက်နည်းရခြင်းမှာ ဒေသဆိုင်ရာတာဝန်ရှိသူ အသီးသီးက အပတ်စဉ်၊ လစဉ် လိုင်းကြေးများ၊ မလိုလားအပ်သည့် တရားမဝင်ညှိနှိုင်းမှုများ ရယူပြီး ဆောင်ရွက်ထားမှုများရှိနေ၍လား ဟူသည့် ထပ်ဆင့်မေးခွန်း မေးမြန်းလိုသော်လည်း လွှတ်တော်၏ အချိန်ကိုငဲ့ပြီး အဓိကကျသည့် အမေးခွန်း တစ်ခွန်းကိုသာ မေးမြန်းခဲ့သည်ဟု ဆိုသည်။

“ပြည်သူဗဟိုပြု ဝန်ဆောင်မှုဖြစ်လို့ ပြည်သူကသတင်းပေးရင် ဖမ်းဆီးသွားမယ်လို့ ဒု-ဝန်ကြီးကပြောပါတယ်၊ ဒါပေမယ့် လက်တွေ့မှာ ပြည်သူကို အသာထား ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းကြောင့် တာဝန်ရှိ အရာရှိက သွားဖမ်းရင်တောင် ကျွန်တော်တို့က ဖမ်းချင်လို့မဟုတ်ပါဘူး၊ လွှတ်တော်ကိုယ်စားလှယ်တွေက မေးလို့ဖမ်းရတာပါလို့ ပြောခဲ့တာတွေရှိနေပါတယ်၊ ဒီတော့ သတင်းပေးလာမယ့် ပြည်သူတွေကိုရော ဘယ်လိုအကာအကွယ်မျိုးပေးမှာပါလဲ” ဟု ဦးသိန်းထွန်းဦးက မေးခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီး ဗိုလ်မှုးချုပ်ကျော်ဇံမြင့်က အဆိုပါဖြစ်ရပ်မျိုးရှိလာခဲ့လျှင် တိုင်းကြားပါက အရေးယူသွားမည်ဖြစ်ပြီး ဒုစရိုက်မှုနှင့် ပါဝင်ပတ်သက်နေသော ရဲတပ်ဖွဲ့ဝင်များကိုလည်း အရေးယူလျက်ရှိရာ ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၄ခုနှစ် ဇွန်လ ၂၆ ရက်အထိ ရဲအရာရှိ ၄၃၃ ဦးနှင့် အခြားအဆင့် ၂၁၂ ဦး တို့ကို အရေးယူပြီးကြောင်း ဖြေကြားခဲ့သည်။ သို့ရာတွင် သတင်းပေးပြည်သူတို့အား မည်သို့အကာအကွယ်ပေးမည် ဆိုသည့်အချက် မပါဝင်ခဲ့သဖြင့် ဒု-ဝန်ကြီးအဖြေအပေါ် ကျေနပ်မှု အပြည့်မရှိကြောင်း ဦးသိန်းထွန်းဦးက ပြောသည်။

ပြည်ထဲရေး ဒုတိယဝန်ကြီးဖြေကြားမှုအပေါ် ၎င်းက “သက်ဆိုင်ရာအောက်ခြေအဖွဲ့အစည်း အဆင့်ဆင့်က အရေးမယူလို့ အထက်ပိုင်းကိုတိုင်ကြားတဲ့အခါ ဖမ်းဆီးရေးအဖွဲ့ရောက်လာတယ်၊ သူတို့လဲရောက်ရော ဒုစရိုက် လုပ်ငန်းတွေ ခေတ္တ ရပ်နားထားကြပြီ၊ ဒီလိုနားထားကြဖို့ ဘယ်ကသတင်းပေါက်ကြားလဲ၊ ဒီလိုသတင်း ပေါက်ကြားမှုကို ဘယ်လိုအရေးယူဆောင်ရွက်မလဲ” ဟူသည့် ထပ်ဆင့်မေးခွန်းကို မေးမြန်းလိုပါကြောင်း မဇ္ဈိမကို ပြောသည်။

ထို့အပြင် ဖမ်းဆီးရေးအဖွဲ့ပြန်သွားသည်နှင့် ခေတ္တနားထားသော ဒုစရိုက်လုပ်ငန်းများ ပြန်လည်ပတ်ကြခြင်း၊ အလားတူ သမ္မတက လောင်းကစားမှုပပျောက်ရေး မိန့်ခွန်းပြောပြီး တစ်ပတ်နှစ်ပတ်မှ တစ်လခန့်အထိ အဆိုပါလုပ်ငန်းများ ရပ်နားသွားပြီး တစ်လကျော်လျှင် ပြန်လည်ခေါင်းမော့လာကြခြင်း စသည့် ဖြစ်ရပ်မျိုးများ ရှိနေခြင်းကို အစိုးရအဖွဲ့အနေဖြင့် မည်သို့ဖြေရှင်းဆောင်ရွက်မည်နည်း ဟူ၍လည်း ထပ်ဆင့်မေးမြန်းလိုသည်ဟု ဦးသိန်းထွန်းဦးက ဖြည့်စွက်ပြောခဲ့သည်။

No comments: