မင်းဟိန်းထက်
စစ်တပ်ပစ်ခတ်မှုဖမ်းဆီးမှုကြောင့် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည့် အလွတ်တန်း သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးကို နိုဝင်ဘာ ၇ ရက် ညနေ ၆နာရီခန့်တွင် ရန်ကုန်မြို့ ရေဝေး သုသာန် ၌ ဂူသွင်းသဂြိုဟ်ခဲ့ကြသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့ ကျိုက်မရောမြို့နယ် ရွေဝါချောင်ကျေးရွာအနီးတွင် မြုပ်နှံထားသည့် ကိုပါကြီး၏ အလောင်းကို နိုဝင်ဘာ ၅ ရက်တွင် တူးဖော်ကာ မော်လမြိုင်ဆေးရုံကြီးတွင် ဆေးစစ်ချက် ယူခဲ့ပြီး နိုဝင်ဘာ ၇ ရက် မနက် ၈ နာရီခန့်တွင် မော်လမြိုင်မှ ရန်ကုန်မြို့ ရေဝေးသုသာန်သို့ သယ်ဆောင်ကာ နေ့ချင်းဂူသွင်းခဲ့ခြင်း ဖြစ်သည်။
ကိုပါကြီး၏ ဈာပနအခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး နှင့် ၈၈ အဖွဲ့ဝင်များအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ သုံးရောင်ခြယ်အဖွဲ့၊ ရွှေည၀ါဆရာတော်၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားအဖွဲ့အစည်းများနှင့် လူအများ ထောင်ချီကာ ကိုပါကြီး၏ နောက်ဆုံးခရီးကို ပို့ဆောင်ခဲ့ကြသည်။
ယင်းအပြင် အဆိုပါ ဈာပနအခမ်းအနားတွင် ကိုပါကြီး မတရားဖမ်းဆီးသတ်ဖြတ်ခံရမှုကို ဖော်ထုတ် အရေးယူပေးရန်၊ စစ်တပ်မှခြိမ်းခြောက်သတ်ဖြတ်နေမှုများကို ရပ်တန့်ပေးရန် ကျောင်းသားအဖွဲ့ အစည်း အချို့နှင့် ဒီမိုကရေစီ အရေး စဉ်ဆက်မပြတ် လှုပ်ရှားရေးအဖွဲ့တို့က လူဦးရေ ၃၀ ခန့်ဖြင် ဆိုင်းဘုတ်များကိုင်ကာ ဆန္ဒပြခဲ့ကြသည်။
ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးကို တပ်မတော်မှထိန်းသိမ်းထားချိန်တွင် ကိုပါကြီးက ကင်းစောင့် စစ်သည် ထံမှ သေနတ်ကိုလုယူ ထွက်ပြေးသောကြောင့် အခြားကင်းစောင့်စစ်သည် ကပစ်ခတ်သဖြင့် သေနတ်ဒဏ် ရာဖြင့် သေဆုံးခဲ့သည်ဟု အောက်တိုဘာ ၂၃ ရက်နှင့် အောက်တိုဘာ ၃၁ ရက်တွင် တပ်မတော်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
သို့သော် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး၏ အလောင်းကို မော်လမြိုင်ဆေးရုံကြီးတွင် မှုခင်းဆိုင်ရာ ဆရာဝန်များနှင့် စစ်ဆေးရာတွင် မေးစေ့ကိုအနီးကပ် ပစ်ထားသော ကျည်ဆံရာ၊ ရင်ဘတ်၊ နောက် ကျောနှင့် ပေါင်တွင် သေနတ် ဒဏ်ရာငါးချက်တွေ့ရှိကြောင်း ခွဲစိတ်ရာတွင်ပါဝင်သည့် မှုခင်းဆရာ ၀န်များက ပြောသည်ဟု ကိုပါကြီး၏ ဇနီးမသန္တာက နိုဝင်ဘာ ၆ရက်တွင် မဇ္စျိမကို ပြောထားသည်။
No comments:
Post a Comment