Saturday, November 29, 2014

နိုင်ငံခြားသား အမြဲတမ်း နေထိုင်ခွင့်ရသူများ နိုင်ငံသားနည်းတူ အခွန်ထမ်းရမည်

ဟိန်းကိုစိုး

နိုင်ငံခြားသား အမြဲနေထိုင်ခွင့် (PR) ကို တစ်နှစ်ဒေါ်လာတစ်ထောင် (အထွေထွေ ကုန်ကျစရိတ်များ မပါ) ပေးသွင်း၍ ဒီဇင်ဘာ ၆ ရက်မှ စတင်လျှောက်ထားနိုင်ပြီဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောသည်။

အမြဲတမ်းနေထိုင်ခွင့်ရသူ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံသားများနှင့် နှုန်းတူ အခွန်ဆောင်ခွင့်ရမည်ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွေးက ဆိုသည်။

“ရက်ပေါင်း ၁၈၃ ရက်ထက်မနည်း နေထိုင်သူက ပြည်တွင်းနေ နိုင်ငံခြားသား ဖြစ်တယ်။ အဲဒီအတွက် နိုင်ငံသားတွေ အခွန်ထမ်း တဲ့ နှုန်းထားတွေအတိုင်း ပေးရမယ်။ ၁၈၃ ရက်ထက် နည်းပြီးနေသူတွေက ပြည်ပနေဖြစ်လို့ ပိုပြီးပေးရပါတယ်” ဟု ၎င်းက ရှင်းပြသည်။

နိုဝင်ဘာ ၁၈ ရက်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန် လိုက်သော နည်းဥပဒေအရ အမြဲနေထိုင်ခွင့်ရသူ နိုင်ငံခြားသားများသည် ပြည်တွင်း၌ ပြဋ္ဌာန်းထားသော ဝင်ငွေခွန်ရာခိုင်နှုန်းအတိုင်းသာ ပေးဆောင်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။

ပြည်ထောင်စု အခွန်ကောက်ဥပဒေအရ နိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသားများသည် ၀င်ငွေအပေါ် အရစ်လိုက် ခွဲခြားကာ သုညမှ ၂၅ ရာခိုင်နှုန်းထိ ၀င်ငွေ ခွန် ထမ်းဆောင်ရပြီး ပြည်ပနေနိုင်ငံခြားသား အဖြစ် သတ်မှတ်သူများက အရစ်လိုက်ခွဲခြားမှုမရှိဘဲ ဝင်ငွေ၏ ၃၅ ရာခိုင်နှုန်းအထိ ထမ်းဆောင်ရန် ပြဋ္ဌာန်းထားသည်။

လျှောက်ထားသူများသည်နိုင်ငံအတွင်း နေထိုင်မှု အများဆုံးငါးနှစ် ရှိရမည်ဖြစ်သည်။ လျှောက်ထားခအဖြစ် အသက် ၁၈ နှစ် အထက် နိုင်ငံခြားသားများက တစ်နှစ် လျှင် အမေရိကန် ဒေါ်လာ ၁,၀၀၀၊ မြန်မာနိုင်ငံ သားဟောင်းများက တစ်နှစ်လျှင် ဒေါ်လာ ၅၀၀ နှင့် အသက် ခုနစ်နှစ်အထက် တစ်နှစ်လျှင် ဒေါ်လာ ၃၀၀ ပေးသွင်းရန် သတ်မှတ်ထားသည်။ ထိုင်းနိုင်ငံတွင်မူ တစ်နှစ်လျှင် ထိုင်းဘတ် ၁,၀၀၀ (ကန် ၃၃ ဒေါ်လာ) သတ်မှတ်သည်။

No comments: