Saturday, November 29, 2014

၆ နှစ်အရွယ်ကလေးငယ်ကို မုဒိန်းမှု ကျူးလွန်သူအား ထောင်ဒဏ် လေးနှစ်ချမှတ်

ယုဝေ

ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ၆ နှစ်အရွယ် ပထမတန်းကျောင်းသူကို မုဒိန်းမှု ကျူးလွန်ခဲ့သူ အသက် ၆၈ နှစ်အရွယ် အမျိုးသားကို ထောင်ဒဏ် လေးနှစ်ကျခံရန် နိုဝင်ဘာ ၂၇ ရက်က အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့သည်ဟု တရားလိုဘက်က လိုက်ပါဆောင်ရွက်ပေးနေသည့် အကျိုးတော်ဆောင် ရှေ့နေ မိုင်းငွန်ဒီဆန်းက မဇ္ဈိမကိုပြောသည်။

၎င်းက “သက်ငယ် မုဒိန်းမှုတွေ ပိုမိုများလာတဲ့အချိန်မှာ ထိရောက်ဟန့်တားတဲ့ အပြစ်ဒဏ်မပေးရင် ဒီလိုအမှုတွေ ပိုဆိုးလာနိုင်ပါတယ်” ဟု ဆိုသည်။

အဆိုပါ အမိန့်ကို တရားမျှတမှု မရှိဟု ယူဆသည့်အတွက် တိုင်းတရားရုံးတွင် ဆက်လက်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဟုလည်း ၎င်းကဆက်လက်ပြောကြားသည်။

မုဒိန်းမှု ကျူးလွန်ခံရသူ ပထမတန်းကျောင်းသူ၏ မိခင်ဖြစ်သူက “ကျွန်မကတော့ ဒီပြစ်ဒဏ်ကို နည်းတယ်လို့ ထင်ပါတယ်။ မကျေနပ်ပါဘူး။ ရှေ့နေနဲ့တိုင်ပင်ပြီး တရားဥပဒေအရ လုပ်လို့ရတာတွေကို ဆက်လုပ်သွားမှာပါ” ဟု ပြောသည်။

အမှုဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် သြဂုတ် ၁၀ ရက်က အဆိုပါ အသက် ၆၈ နှစ်အရွယ် အမျိုးသားက ၎င်း၏မြေးဖြစ်သူ မွေးနေ့တွင် မုန့်လာရောက် စားသောက်ရန် ကလေးငယ်ကို နှစ်ကြိမ်တိုင် လာခေါ်ခြင်းကြောင့် ကလေးငယ်ကို ထည့်ပေးလိုက်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလကုန်ထိ မုဒိန်းမှု၁၁၀ ဖြစ်ပွားခဲ့ပြီး ယင်းအနက် ထက်ဝက်ကျော်မှာ သက်ငယ် မုဒိန်းမှုများ ဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ စာရင်းများအရ သိရသည်။

ကလေးသူငယ် အဓမ္မပြုကျင့်ခံရမှုများကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး ဥပဒေတစ်ရပ် သီးသန့်ပေါ်ထွက်လာစေရန် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က ပြီးခဲ့သည့်နှစ်က လွှတ်တော်တွင် အရေးဆိုခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။

No comments: