Sunday, November 30, 2014

စက်မှုဇုန်များရှိ မန်နေဂျာနှင့် ကြီးကြပ်ရေးမှူးများကို သင်တန်းပေးမည်

ယုဝေ

နိုင်ငံအဝှမ်းရှိ စက်မှုဇုန်များမှ မန်နေဂျာများနှင့် ကြီးကြပ်ရေးမှူးများအား ညနေပိုင်းတွင် အလုပ်သမားရေးရာနှ င့် ပတ်သက်သည့် သင်တန်းပို့ချသွားမည်ဟု မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာန ၊အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောဆိုလိုက်သည်။

“တိုင်းနှင့်ပြည်နယ် အသီးသီးမှာရှိတဲ့ စက်မှုဇုန်များမှာ အလုပ်သမားရေးရာနဲ့ ပတ်သတ်ပြီးတော့ အသိပညာပေးဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိသလို ကျွန်တော်တို့ ညနေပိုင်းမှာ မန်နေဂျာနဲ့ ကြီးကြပ်ရေးမှူးတွေကို ငါးရက်တာသင်တန်းတွေ ပို့ချပေးသွားမှာဖြစ်ပါတယ်” ဟု ဦးဝင်းရှိန်က ပြောသည်။

တောင်ဒဂုံမြို့နယ်ခန်းမတွင်ပြုလုပ်သည့် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်(FTUM)၏ ဒုတိယ အကြိမ် ညီလာခံနှင့် မြန်မာနိုင်ငံ အလုပ်သမား အဖွဲ့ချုပ်(CTUM) သို့ ပြောင်းလဲဖွဲ့စည်းခြင်း ညီလာခံတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အလုပ်ရှင်နှင့် အလုပ်သမားများအနေဖြင့် ထုတ်ပြန်ထားသည့်အလုပ်သမားရေးရာနှင့်ပတ်သတ်သည့် ဥပဒေပါ အချက်များကို နားလည် သဘောပေါက်စေရန်၊ စည်းကမ်းရှိ၍ ကျွမ်းကျင်မှု မြင့်မားသည့် အလုပ်သမားများ ပေါ်ထွက်လာစေရန်၊ ခေတ်မှီလုပ်ငန်းခွင် စနစ် ဆက်ဆံရေးပေါ်ပေါက်လာစေရန်ရည်ရွယပြီး သင်တန်းပေးခြင်းဖြ စ်သည်ဟု ၎င်းကပြောသည်။

“အလုပ်ရှင်အလုပ်သမားများအနေဖြင့်ပြောင်းလဲလာတဲ့ခေတ်စနစ်နဲ့အညီ အစိုးရ အလုပ်သမား၊ အလုပ်ရှင်သုံးပွင့် ဆိုင်အားနဲ့ နိုင်ငံရဲ့ စီးပွားရေး ၀ိုင်းဝန်းပြီး အရှိန်ကောင်းကောင်းနဲ့ လုပ်ဖို့လိုပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရချိန်၊ အလုပ်သမားများ၏ အနည်းဆုံးလုပ်ခနှင့် လစာ အတိအကျ သတ်မှတ်နိုင်ခြင်း မရှိသေးချိန်တွင် ထိုကဲ့သို့ သင်တန်းများ ပို့ချပေးရန် စီစဉ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUM)၏ ဒုတိယ ဥက္ကဌဦးသန်းလွင်ကမူ အလုပ်ရှင်များအနေဖြင့် လုပ်ငန်းခွင်တွင် သမာသမတ်ကျကျဆောင်ရွက်ရန် လိုအပ်သည်ဟု ပြောသည်။

“ အလုပ်ရှင်တွေအနေနဲ့ လုပ်ငန်းခွင်သက်သာချောင်ချိရေးနဲ့ လုပ်ငန်းခွင်အန္တရယ် ကင်းရှင်းရေးတွေကို လုပ်ဖို့လိုအပ်ပါတယ်” ဟု ဦးသန်းလွင်က ဆိုသည်။

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUM)တွင် မတူညီသော လုပ်များကဏ္ဍများမှ အခြေခံနှင့် မြို့နယ်အဆင့် အလုပ်သမားအဖွဲ့ အစည်းပေါင်း(၆၂၃)ဖွဲ့ ပါဝင်ဖွဲ့စည်းထားပြီး အဖွဲ့ဝင်ဦးရေမှာ ၄၃၆၀၇ ယောက်ရှိပြီဖြစ်သည်။

ယင်းအဖွဲ့ချုပ်သည် ၂၀၁၂ ခုနှစ်တွင် အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ နည်းဥပဒေများနှင့် အလုပ်သမား အဖွဲ့အစည်းများပေါ်ပေါက်ရေး၊ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ နည်းဥပဒေများနှင့် အညီအလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုများကို ကူညီဖြေရှင်းပေးခဲ့သည်။

No comments: