Friday, November 28, 2014

စည်ပင်မြေနေရာ ခုနစ်ခုကို ပြည်တွင်းကုမ္ပဏီ ၅၇ ခု တင်ဒါ ဝင်ရောက်ထားပြီး စိစစ်ရွေးချယ်နေဆဲဖြစ်

ထင်လင်းအောင်

ရန်ကုန်မြို့ရှိ မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC)ပိုင် မြေနေရာ ခုနစ်နေရာ တင်ဒါခေါ်ယူမှုကို ပြည်တွင်း ကုမ္ပဏီပေါင်း ၅၇ခု က တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်ထားသည်ဟု အင်ဂျင်နီယာဌာန (အဆောက်အအုံ)ဌာနမှူး ဦးသန်းဋ္ဌေးက နိုဝင်ဘာ ၂၇ ရက်က မဇ္ဈိမကို ထုတ်ဖော်ပြောကြားသည်။

တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်မှုများတွင် ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် သိမ်ဖြူလမ်ထောင့်ရှိ မြေနေရာတစ်ခုတည်းကိုမူ ကုမ္ပဏီ ၂၉ က ယှဉ်ပြိုင်ထားခြင်းဖြစ်သည်။ ၎င်းကုမ္ပဏီများအနက် Forturne International ကုမ္ပဏီ၊ အေဝမ်း ဆောက်လုပ်ရေး ကုမ္ပဏီ၊ ဧရာဟင်္သာ ကုမ္ပဏီ၊ Farmer Phoyarzar ကုမ္ပဏီနှင့် ရောင်နီဦး ကုမ္ပဏီတို့လည်း ပါဝင်လျက်ရှိသည်။

အဆိုပါ မြေနေရာများကို YCDC အနေဖြင့် အိတ်ပိတ်တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်က တင်ဒါဖွင့်ဖောက်ခဲ့သော်လည်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ရွေးချယ်ရန်အတွက်မူ စိစစ်ဆဲသာ ဖြစ်သည်ဟု ဆက်လက်ပြောသည်။

ဦးသန်းဋ္ဌေး က “တင်ဒါက ဖွင့်ဖောက်လိုက်တာပဲရှိသေးတယ်။ တင်ဒါအောင်ကုမ္ပဏီ ရွေးချယ်ဖို့အတွက် စိစစ်မှုတွေလုပ်နေပါတယ်။ တစ်ပတ်လောက် နေရင်တော့မှ တင်ဒါအောင်ကုမ္ပဏီတွေကို ကြေညာပေးသွားနိုင်မှာပါ ” ဟု မဇ္ဈိမကို ပြောသည်။

လုပ်ငန်းရှင်များ၏ တင်ဒါတင်သွင်းမှုများအနက် (ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ မြေနေရာကို ကုမ္ပဏီ ၂၉ ခု၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ ၊ ပုဂံလမ်းနှင့် ဟံသာဝတီ လမ်းထောင့်ရှိ မြေနေရာကို ကုမ္ပဏီလေးခုနှင့် ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရာဇဓိရာဇ်လမ်းရှိ မြေနေရာကို ကုမ္ပဏီ ကိုးခုတို့က ဝင်ရောက်ထားခြင်းဖြစ်သည်။

ထို့အပြင် ဒဂုံမြို့သစ်အရှေ့ပိုင်း၊ မင်းရဲကျော်စွာလမ်းရှိ မြေနေရာကို ကုမ္ပဏီ သုံးခု၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးလမ်းရှိ မြေနေရာကို ကုမ္ပဏီ ခုနစ်ခု၊ ဗိုလ်တထောင်မြို့နယ်၊ ၄၅လမ်းရှိ မြေနေရာကို ကုမ္ပဏီ ငါးခုနှင့် ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းနှင့် ထန်းတပင် လမ်းထောင့်ရှိ မြေနေရာကို ကုမ္ပဏီ သုံးခုတို့က ဝင်ရောက်ထားခြင်းဖြစ်သည်။

သို့ရာတွင် ၎င်းမြေနေရာများကို တင်ဒါခေါ်ယူထားခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များအနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) သို့ ပေးသွင်းရမည့် အကျိုးအမြတ်ပမာဏနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏတို့ကိုမူ ထုတ်ဖော်ခဲ့ခြင်းမရှိပေ။

တင်ဒါယှဉ်ပြိုင်သူအတွင်း ပါဝင်သူ ဦးမြဟန်က “အခုထိတော့ ကျွန်တော်တို့လည်း ဘယ်သူရမယ်ဆို တာအတိအကျမသိရသေးပါဘူး။ စိစစ်နေတုန်းဖြစ်တယ်လို့သာ သိရပါသေးတယ်” ဟု နိုဝင်ဘာ ၂၇ ရက်က ပြောသည်။

မြေနေရာအလိုက် တင်ဒါတင်သွင်းသည့် ကုမ္ပဏီများတွင် လုပ်ငန်းနယ်ပယ်များစွာ ပါဝင်သော်လည်း ဆောက်လုပ်ရေးလုပ်ငန်း ကုမ္ပဏီများက အများစုပါဝင်နေလျက်ရှိသည်။ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ မင်းရဲကျော်စွာလမ်းရှိ မြေနေရာကိုမူ Orchid International ကုမ္ပဏီ နှင့် Milroc Development ကုမ္ပဏီ နှစ်ခုက ဝင်ရောက် ယှဉ်ပြိုင်ထားသည်။

အခြားသော မြေနေရာများတွင် တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်ဆိုင်သော ကုမ္ပဏီ FDPC၊ ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်သည့် Myanmar Golden Wing ကုမ္ပဏီများလည်း ပါဝင်ကာ Orchid International ကုမ္ပဏီ တစ်ခုတည်းက မြေနေရာသုံးခုတွင် တင်ဒါဝင်ရောက်ယှဉ်ပြိုင်ထားခြင်းလည်းဖြစ်သည်။

No comments: