Saturday, November 29, 2014

အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်ကို ပြင်သစ်အဖွဲ့က မန်းစည်ပင်ထံ တင်ပြ

Mizzima

မန္တလေး မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ရေရှည်စီမံကိန်းအဖြစ် အသုံးပြုနိုင်မည့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို ပြင်သစ်အဖွဲ့အစည်းဖြစ်သော FASEP French Grant အဖွဲ့က မန်းစည်ပင် ကော်မတီထံ နိုဝင်ဘာ ၂၆ ရက်က တင်ပြခဲ့သည်ဟု ဆိုသည်။

Mass Transit Master Plan ကို နိုဝင်ဘာ ၂၆ ရက်က မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ပြုလုပ်သည့် Urban Mobility Meeting တွင် အဆိုပါ အဖွဲ့မှ Transport Expert Mr. Vicent Licheve က ရေးဆွဲတင်ပြခဲ့ခြင်း ဖြစ်သည်။

နောင်တွင် မန္တလေးမြို့သည် စီးပွားရေး၊ ယဉ်ကျေးမှု၊ လမ်းပန်းဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်းစသည်တို့တွင် အချက်အချာကျလာမည့် မြို့တော်တစ်ခုဖြစ်ရာ မြို့အင်္ဂါရပ်နှင့် ကိုက်ညီပြီး အများပြည်သူ လွယ်ကူစွာ သွားလာနိုင်မည့် သယ်ယူပို့ဆောင်ရေး စနစ်တစ်ခုရှိရန် လိုအပ်လာပြီဖြစ်သည်ဟု Mr. Vicent က ဆိုသည်။

ထို့အတွက် ၎င်းတို့အဖွဲ့အစည်းက အချိန်နှစ်လကျော်ယူကာ လေ့လာမှုများ ပြုလုပ်ပြီး ယခုကဲ့သို့ ရေးဆွဲတင်ပြရခြင်းဖြစ်ကာ မန္တလေးမြို့၏ တာဝန်ရှိသူများ အနာဂတ်တွင် ထည့်သွင်းစဉ်းစားနိုင်ရန်နှင့် လက်ရှိအခြေအနေများကို ခြုံငုံမိစေရန် ရည်ရွယ်သည်ဟု သိရသည်။

အဆိုပါစနစ်တွင် အမြန်ဘတ်စ်ကား စနစ်များ၊ မြို့ပတ်ရထားလမ်းစနစ်များ၊ ခုံးကျော်တံတားများ ပါဝင်ပြီး မန္တလေးမြို့၏ အနာဂတ် စီမံကိန်းများတွင် ထည့်သွင်းအကောင်အထည်ဖော်ရန် ဖြစ်သည်ဟု မန်းစည်ပင်ကော်မတီမှ ကော်မတီဝင် (၁) ဦး ထွန်းကြည်က ပြောသည်။

မန္တလေးမြို့တွင် ယာဉ်အစီးရေ ရှစ်သိန်းကျော်ရှိပြီး ၎င်းအနက် ဆိုင်ကယ်အစီးရေမှာ ခြောက်သိန်းခန့်ဖြစ်ရာ ဆိုင်ကယ်အသုံးပြုမှုသည် မြို့နေထိုင်သူ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု ၎င်းကော်မတီထံမှ သိရသည်။

ထို့အတွက် ကောင်းမွန်သည့် အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်တစ်ခုရှိလာပြီဆိုပါက ကိုယ်ပိုင်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ အသုံးပြုမှု လျှော့ချလာကာ မြို့တွင်းယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်မတော်တဆမှုများလည်း ထိန်းချုပ်လျှော့ချလာနိုင်မည်ဟု တွက်ဆကြောင်း ၎င်းက ပြောသည်။

အဆိုပါ အစီအစဉ်များသည် ရေရှည်စီမံကိန်းများဖြစ်၍ ငွေကြေးကုန်ကျစရိတ်လည်းများပြီး နိုင်ငံတကာ အဖွဲ့အစည်းများ၏ ချေးငွေ များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments: