Saturday, November 29, 2014

သင်္ဃန်းကျွန်း မူးယစ်ဆေးဝါး ရောင်းဝယ်သူများကို ဖမ်းဆီး

DVB

သင်္ဃန်းကျွန်းမြို့နယ်က မူးယစ်ဆေးဝါးကျော်ဇော သတင်းရှိသူတွေကို မူးယစ်ဆေးဝါး၊ လက်နက်တွေနဲ့အတူ ဖော်ထုတ်ဖမ်းဆီးလိုက်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ပြောပါတယ်။

နိုဝင်ဘာ၂၈ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှာပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ ဒုရဲမှူးပြည့်စုံက ပြောဆိုလိုက်တာပါ။

နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၃ နာရီ ၂၀ အချိန်က မူးယစ်ဆေး ၀ါး ကျော်ဇောသတင်းရရှိတဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (က)ရပ်ကွက်၊ စကားဝါလမ်းနေ ဦးခင်ဇော်၊ ၄၆ နှစ်ရဲ့ နေအိမ်ကို ၀င်ရောက်ရှာဖွေရာ ဦးခင်ဇော်နဲ့အတူ မူးယစ်ဆေးဝါး သုံးစွဲဖို့ ရောက်ရှိနေတဲ့ ဦးထွန်းအောင်ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

နေအိမ်ကို ရှာဖွေတဲ့ခါ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀ ကျော် ဘိန်းဖြူလိ့ ယူဆရတဲ့အမှုန့်၊ ICE လို့ ယူဆရတဲ့အခဲ၊ ဆေးခြောက်လို့ ယူဆရတဲ့ အရွက်ခြောက်တွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲရာမှာအသုံးပြုတဲ့ ပစ္စည်းတွေအပြင် ဓားနဲ့တခြားပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တဲ့အတွက် ဦးခင်ဇော်နဲ့ဦးထွန်းအောင်တို့ ၂ ဦးကို သုဝဏ္ဏနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးဥပဒေ၊ လက်နက်ဥပဒေတွေနဲ့  အမှုဖွင့်အရေးယူထားပါတယ်။

အလားတူ နိုဝင်ဘာ ၂၈ ရက်နေ့ မနက်အစောပိုင်းမှာပဲ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (က)ရပ်ကွက်၊ စကားဝါလမ်းနေ ဒေါ်ဝေ (၄၅) နှစ်ရဲ့ နေအိမ်ကို ၀င်ရောက်ရှာဖွေတဲ့အခါမှာလည်း ဆေးခြောက်လို့ ယူဆရတဲ့ အရွက်ခြောက်တွေနဲ့ အစေ့တွေ သိမ်းဆည်းရမိတဲ့အတွက် သုဝဏ္ဏနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးဥပဒေန့ အရေးယူထားပါတယ်။

ဒါ့အပြင် သင်္ဃန်းကျွန်းမြို့နယ်၊ ရပ်ကွက်နတ်စင် ၆ လမ်းနေ ဒေါ်ကုလားမ(ခ)ဒေါ်တင်တင်နွယ်၊ (၄၃) နှစ်ရဲ့ နေအိမ်ကို ၀င်ရောက်ရှာဖွေတဲ့အခါ ပန်းရောင်စိတ်ကြွဆေးပြား အမှုန့်တွေကပ်နေတဲ့ အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ် ၁ အိတ်ကို တွေ့ရှိသိမ်းဆည်းရမိတဲ့အတွက် အရေးယူထားတယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေနဲ့ အုပ်စုဖွဲ့ဒုစရိုက်ကျူးလွန်တာတွေ၊ မူးယစ်ဆေးဝါး တရားမ၀င်ရောင်းဝယ်မှုတွေ၊ တုတ်၊ ဓား၊ လက်နက်သယ်ဆောင်သွားလာ သိုဝှက်သိမ်းဆည်း တာတွေကို ခရိုင်အလိုက် စီမံချက်နဲ့ ဖော်ထုတ်အရေးယူနေတယ်လို့ ဒုရဲမှူးပြည့်စုံက ပြောပါတယ်။

မြန်မာနိုင်ငံဟာ အာဖဂန်နစ်စတန်းပြီးရင် ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။

No comments: