Sunday, November 30, 2014

တိုင်းရင်းသားဗိုလ်လောင်း ၂၃ သုံးဦးအတွက် ရန်ကုန်မြို့ ကချင်ခရစ်ယာန် ဘုရားကျောင်း၌ဆုတောင်းပွဲပြုလုပ်

စံမောင်သန်း

မြန်မာ့တပ်မတော် တပ်ဖွဲ့တစ်ခုမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် KIA ဗိုလ်သင်တန်းကျောင်း၌ သင်တန်းတက်နေသူ တိုင်းရင်းသားဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့ရပြီး သူတို့အား ရည်စူး၍ ဆုတောင်းပွဲ တစ်ခုကိုရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ကချင်ခရစ်ယာန် ဘုရားကျောင်း၌ နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီကပြုလုပ်ခဲ့သည်။

ယင်းဆုတောင်းပွဲအခမ်းအနားသို့ ကချင်တိုင်းရင်းသားများအပြင် ရခိုင်ဗုဒ္ဓဘာသာဘုန်းတော်ကြီးနှစ်ပါးနှင့် ရခိုင်မျိုးချစ်များ၊ ချင်းလူမျိုးများ၊ ဗမာအမျိုးသားများနှင့် အခြားတိုင်းရင်းသားများလည်းတက်ရောက်ခဲ့ကြသည်။

“ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိစေဖို့နဲ့ ၁၉/၁၁ ရက်နေ့မှာ ကျဆုံးသွားတဲ့ တိုင်းရင်းသား ဗိုလ်လောင်းများကို သတိရအောက်မေ့ခြင်းအတွက် ဆုတောင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း” ယင်းဆုတောင်းပွဲ အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ အခမ်းအနားကို ဦးဆောင်ကျင်းပသူ ကချင်လူငယ်တစ်ဦးကပြောသည်။

အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ရခိုင်အမျိုးသားပါတီ ဗဟိုကော်မီတီဝင်နှင့် အာရက္ခဖေါင်ဒေးရှင်း အဖွဲ့ဝင် တဦးဖြစ်သူ ရခိုင်အမျိုးသမီးတစ်ဦးကလည်း သူ့မ၏ ရင်တွင်းခံစားချက်များကို ယခုလို ပြောကြားခဲ့သည်။

“အခုလိုမျိုးအခြေအနေဆိုးတွေနဲ့ ကြုံတွေ့ပြီးတော့အမျိုးသားရေး စိတ်ဓါတ်နဲ့ မိမိတိုင်းပြည်နဲ့ လူမျိုးကို အသက်ပေးစွန့်လွှတ်ခဲ့ကြတဲ့ မျိုးချစ်ရဲဘော်တွေအတွက် ဒီနေရာကနေပြီးတော့ ပြောကြားချင်ပါတယ်။ ဘ၀ဘသ၀ ဆက်တိုင်းမှာ ဒီလိုစစ်ဘေးဒဏ် မကြုံပါရစေနဲ့လို့ ဒီနေရာကနေပြီးတော့ ဆုတောင်း ပေးလိုက်ရပါတယ်။ တိုင်းရင်းသားညီအကိုမောင်နှမတွေလည်းခေတ်အဆက်ဆက် ဘ၀ အဆက်ဆက်မှာ စစ်ဘေးဆိုးကနေကင်းလွတ်နိုင်ကြပါစေလို့ ကျွန်မဆုတောင်း မေတ္တာပို့သ လိုက်ပါတယ်” ဟုပြောကြားခဲ့သည်။

အခမ်းအနားသို့ တက်ရောက်သူချင်းအမျိုးသား ဆလိုင်းဝီလျံကလည်း ညီအကိုဗမာတို့အနေဖြင့် တိုင်းရင်းသား ဒေသတွေမှာ လာနေကြည့်ပြီး တိုင်းရင်းသားတွေလို လာခံစားကြည့်စေချင်ပါတယ်ဟု ပြောသည်။

“ကျွန်တော်တို့ ဘယ်လောက်ထိ ငြိမ်းချမ်းရေးလိုလားတယ်ဆိုတာ ကျွန်တော်တို့ စစ်ဖြစ်နေတဲ့နေရာတွေက ပြည်သူလူထုတွေက ပိုပြီးနားလည်ပါတယ်။ သဘောပေါက်ပါတယ်။ အဲဒါ ကျွန်တော်တို့ ညီအကိုဗမာတွေ အနေနဲ့ လာကြည့်စေချင်ပါတယ်။ ကျွန်တော်တို့ နေရာတွေမှာလာနေကြည့်ပါ။ ကျွန်တော်တို့လိုခံစားကြည့်ပါ။ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေကိုသွားကြည့်ပါ။ ဒုက္ခသည်စခန်းတွေမှာဘယ်သူတွေရှိနေလဲ။ တောတောင်ထဲမှာ တောတိရစ္ဆာန်လို ပြေးလွှားနေတဲ့သူတွေ ဘယ်သူတွေလဲ၊ အဲဒါနားလည်ပေးပါ”ဟု ဆလိုင်းဝီလျံက ပြောသည်။

သူကဆက်လက်၍ “ကျွန်တော်တို့ ငြိမ်းချမ်းရေးလိုချင်လို့ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တွေမှာ ဆန္ဒပြခဲ့ကြပြီ၊ ရန်ကုန်လမ်းမတွေမှာ၊ မန္တလေးလမ်းမတွေမှာလည်း ဆန္ဒပြခဲ့ပြီးပြီ။ နောက်တခြားဒေသမှာလည်း ကျွန်တော်တို့ ဆန္ဒပြခဲ့ပြီးပြီ။ တောတောင်ထဲမှာသေနတ်ကိုင်ပြီးတော့ တိုက်ပွဲဝင်ခဲ့ပြီးပြီ။ ကျွန်တော်တို့ ဂျီနီဗာမှာ၊ နယူးယောက်မှာ၊ ကုလသမဂ္ဂမှာ၊ ကမ္ဘာ့ဒေသနေရာအသီးသီးမှာ ဆန္ဒတွေကိုဖေါ်ပြခဲ့ပြီးပြီ။ ကျွန်တော်တို့ ဆန္ဒအရ ပြောရရင် တိုက်ခိုက်မှုတွေ တော်ပါပြီ၊ ရပ်သင့်ပါပြီ”ဟု ပြောကြားခဲ့သည်။

အခမ်းအနားကို ညနေ ၅ နာရီတွင်စတင်ပြီး ၇ နာရီကျော်ခန့်တွင် ပြီးဆုံးခဲ့သည်။ ယင်းဆုတောင်းပွဲ အခမ်းအနားသို့ လူပေါင်းနှစ်ရာခန့်တက်ရောက်ခဲ့ကြသည်။

No comments: