Friday, November 28, 2014

KIA ဌာနချုပ် ဗိုလ်သင်တန်းကျောင်း ပစ်ခတ်ခံရမှု ၀ မိုင်းလား နှင့် SSPP တို့ ကန့်ကွက်

သျှမ်းသံတော်ဆင့်

တိုင်းရင်းသား ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့ရသည့် ကချင် လွတ်လပ်ရေး တပ်မတော် ဌာနချုပ် ဗိုလ်လောင်း သင်တန်းကျောင်း လက်နက်ကြီး ပစ်ခတ်ခံရမှုသည် တည်ဆောက်နေသည့် ငြိမ်းချမ်ရေးအား ထိခိုက် ပျက်ပြား စေနိုင် သောကြောင့် UWSA ဝ တပ်ဖွဲ့ပါဝင်သည့် သျှမ်းပြည်တွင်း အင်အားကြီး လက်နက်ကိုင် တပ်ဖွဲ့ သုံးဖွဲ့က စုပေါင်း ကန့်ကွက် လိုက်ပါသည်။

၂၀၁၄ နိုဝင်ဘာ ၂၃ ရက်က သျှမ်းပြည်တပ်မတော် SSPP/SSA , အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ရှမ်းပြည်အရှေ့ပိုင်း NDAA- ESS နှင့် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့က ကြေငြာချက်ထုတ်ပြန်ကာ ကန့်ကွက်ရခြင်းဖြစ်သည်ဟု သျှမ်းပြည်တပ်မတော် SSPP/SSA ဌာန ချုပ် အရာရှိ ဗိုလ်မှူး စိုင်းတစ် ကပြောပါသည်။

``ဒါက အဲန်စီစီတီ နဲ့ ပတ်သက်နိုင်တယ်။ အဲန်စီစီက တင်ပြတဲ့ဟာတွေကို တပ်မတော်က လက်မခံ ဘူး။ အဲန်စီစီတီကလဲ အလျှော့မပေးဘူးဆိုတော့ ၊ မင်းတို့က လက်မှတ်မထိုးရင် မရဘူး။ အချိန်မရွေး မင်းတို့ ဌာနချုပ်ကို တိုက်ခိုက်လို့ရတယ် ဆိုတဲ့သဘောကို ပြချင်တယ်လို့ဘဲ ကျနော်တို့ယူဆတယ်။ ဒီတိုက်ခိုက်မှုက ငြိမ်းချမ်းရေးအတွက် အလားအလာမကောင်းဘူး၊ အလေးအနက်ထားပြီး ကျေနပ် လောက်တဲ့ ဖြေရှင်းချက်မပေးရင် ငြိမ်းချမ်းရေးတောင် ပျက်ပြားသွားနိုင်တယ်။´´- ဟု ဗိုလ်မှူး စိုင်းတစ် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ထုတ်ပြန်ကြေငြာချက်တွင်- နိုဝင်ဘာ ၁၉ ရက်နေ့ တိုက်ခိုက်မှုသည် တည်ဆောက်နေသည့် ငြိမ်းချမ်း ရေး အား ထိခိုက်စေနိုင်သည့် အတွက် လက်ဦးမှု ယူကာ အလစ်ငိုက်တိုက်ခိုက်သော လုပ်ရပ်မျိုးဆက် မလုပ်ရန်၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်ရေး အတွက် ၀ိုင်းဝန်း အင်အားဖြည့်ရန်၊ သျှမ်းပြည်နယ် အင် အားကြီး တပ်မတော်သုံးခုက စုပေါင်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။

ကေအိုင်အို ဌာနချုပ် ဗိုလ်သင်တန်းကျောင်းတိုက်ခိုက်ခံရမှုတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ကျောင်းသားတပ်မတော်၊ ချင်းအမျိုးသားတပ်ဦးတို့မှ ကျောင်းသား ဗိုလ်လောင်း ၂၃ ဦး သေ ဆုံးပြီး ၁၆ ဦးဒဏ်ရာရှိသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA , အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် သျှမ်းပြည်အရှေ့ ပိုင်း NDAA- ESS နှင့် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့သည် စစ်ရေးမဟာမိတ် တပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။

No comments: