Sunday, November 30, 2014

လိပ်ကျွန်းလူသတ်မှု အာမခံရရေး ပထမ အယူခံ ငြင်းပယ်ခံရ၊ ရက်ပိုင်းအတွင်း ဒုတိယ အယူခံတင်မည်

ဟင်္သာနီ (မွန်မြေ)

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှု၌ တရားခံဟု ထိုင်းအာဏာပိုင်များက စွပ်စွဲထားသည့် မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းဦးတို့၏ အမှုအတွက် အာမခံပေးရန် ကော့စမွေ မြို့နယ် တရားရုံးက နိုဝင်ဘာ ၂၆ ရက်တွင် ငြင်းဆို လိုက်သော်လည်း ၎င်းတို့ နှစ်ဦး၏ ယခု ရမန် မကုန်မီ ထပ်မံအယူခံဝင်၍ အာမခံ တင်နိုင်ရေး ကြိုးစားသွားမည်ဟု မြန်မာသံရုံး အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံ ကော့စမွေ မြို့နယ် တရားရုံးသို့ အမျိုးသားလွှတ်တော် စီးပွားရေးနှင့် ဥပဒေအကြံပေး ဦးကိုကိုမောင်နှင့် ဦးဆန်းလွင် တို့လိုက်ပါ၍ မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ အမှုမှန်ပေါ်ရေး ဆောင်ရွက်နေသည့် အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့များ အာမခံ သွားရောက် လျှောက်ထားခဲ့သည်ကို ကော့စမွေခရိုင် တရားရုံးက ငြင်းဆိုလိုက်သည်။

ဦးအောင်မျိုးသန့်က “ကျွန်တော်တို့ အခု သံအမတ်ကြီးနဲ့ ပြန်ပြီး အစည်းအဝေး ထိုင်ပါ့မယ်၊ အခုလို သံရုံးရဲ့ အာမခံ တစ်ခုတည်းနဲ့ မဟုတ်ဘဲ လူအာမခံ၊ ငွေကြေးအာမခံတွေ ထည့်ပြီးတော့ နောက်တစ်ခေါက် ပြန်ပြီး အာမခံလျှောက်နိုင်အောင် ကျွန်တော်တို့ ကြိုးစားပါ့မယ်” ဟု ပြောသည်။

အဆိုပါ အမှုအား ပုဒ်မပေါင်းများစွာနှင့် ဆွဲဆိုထားပြီး နိုင်ငံခြားသား နှင့် ပတ်သက်၍ လည်းကောင်း၊ သေဒဏ်ထိုက်သည့် အမှုများ ဖြစ်ခြင်းကြောင့် လည်းကောင်း စသည့် အကြောင်းပြချက်များဖြင့် ငြင်းဆိုခဲ့ခြင်းဖြစ်သည်ဟုလည်း ဦးအောင်မျိုးသန့်က ပြောသည်။

အဆိုပါ အာမခံ ရရှိရေးအတွက် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅သိန်းထက် မနည်း လျောက်ထားရမည် ဖြစ်သော်လည်း ယခုအမှုတွင် နှစ်နိုင်ငံ၊ သုံးနိုင်ငံ အစိုးရ တို့အကြား ဖြစ်ပွားနေသည့် အမှုဖြစ်ခြင်းနှင့် ပစ်မှုစွဲချက် သုံး၊ လေးခုဖြင့် စွဲဆိုထားသော အမှု ဖြစ်ခြင်းတို့ကြောင့် တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၅) သိန်းထက်ကျော်လွန်၍ အာမခံကြေး တင်နိုင်မှသာ အာမခံ ရရန် သေချာနိုင်ဖွယ်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

ဦးအောင်မျိုးသန့်က “လူအာမခံ ဆိုတာက အဲဒီ ပစ္စည်းပိုင်ရှင်ကို ပြောတာပါ၊ အိမ်ကို အာမခံ တင်လိုက်မယ်ဆိုရင် ဒီလူဟာ သူရဲ့ ပိုင်ဆိုင်မှုအတွက် သူကိုယ်တိုင် လက်မှတ် ရေးထိုးရပါမယ်” ဟု ဆိုသည်။

ဒုတိယ အကြိမ် အာမခံရရေး အယူခံကို ခရိုင်တရားရုံး၌ ဆက်လက် တင်သွားရန် စီစဉ်နေသည်ဟုလည်း အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် ဦးကျော်သောင်းက မဇ္ဈိမကို နိုဝင်ဘာလ ၂၆ ရက်တွင် ပြောသည်။

ဦးကျော်သောင်းက “ထိုင်းရှေ့နေများ ကောင်စီနဲ့ တိုင်ပင်ပြီးတော့ ပထမ အယူခံမှာ အားနည်းခဲ့တဲ့ အချက်တွေကို အားဖြည့်ပြီး ဒီကလေးတွေ အာမခံ ရဖို့ ဒုတိယအကြိမ် အယူခံ ဆက်ဝင်ဦးမယ်” ဟု မဇ္ဈိမကို ပြောသည်။

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းဦးတို့ နှစ်ဦးအား ထိုင်းအာဏာပိုင်များမှ လူသတ်မှု၊ မုဒိန်းမှု၊ ပစ္စည်းလုယက်မှု၊ တရားမဝင် ထိုင်းနိုင်ငံတွင်း ဝင်ရောက်နေထိုင်မှု၊ သေဒဏ်ထိုက်သည့် ပစ်မှုအား ဖုံးကွယ်ထားခြင်း စသည့် စွဲချက်များဖြင့် တရားစွဲဆို ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦး၏ ပဉ္စမ ရမန်မှာ လာမည့် ဒီဇင်ဘာလ ၂ ရက်တွင် ကုန်ဆုံးမည် ဖြစ်သည်။

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းဦး တို့သည် ပြီးခဲ့သည့် စက်တင်ဘာလ (၁၄) ရက်၌ ဗြိတိသျှ စုံတွဲ ကမ္ဘာလှည့်ခရီးသည် နှစ်ဦးအား သတ်ဖြတ်ခဲ့သည့် လူသတ် တရားခံများအဖြစ် ထိုင်းအာဏာပိုင်များက စွပ်စွဲထားသည်။

No comments: