Friday, November 28, 2014

တပ်က ၄၃၆ နှင့် ၅၉ (စ) မပြင်ရန် သဘောထားရှိသော်လည်း ထိပ်တိုက်ရင်ဆိုင်မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

စိုးသန်းလင်း၊ ဝင်းကိုကိုလတ်၊ အောင်သူရထွန်း

တပ်မတော်သား ကိုယ်စားလှယ်များက အခြေခံဥပဒေပြင်ရာတွင် အဓိကျသည့် ပုဒ်မ ၄၃၆ နှင့် ၎င်းအား သမ္မတ မဖြစ်စေရန် တားဆီးထားသည်ဟု ဆိုသော ပုဒ်မ ၅၉ (စ) တို့အား မပြင်ရန် သဘောထားရှိသော်လည်း အင်န်အယ်လ်ဒီ အနေဖြင့် ထိပ်တိုက်ရင်ဆိုင်မည့် သဘောထားမရှိဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ထိပ်တိုက်ရင်ဆိုင်တယ်ဆိုတာ ဒီမိုကရေစီသဘောတရားနားမလည်ရာကျ

ဒေါ်အောင်ဆန်းစုကြည်က "ထိပ်တိုက်ရင်ဆိုင်မှုဆိုတဲ့ စကားလုံးကိုက ဒီမိုကရေစီသဘောတရားကို နားမလည်ရာ ကျမလားမသိဘူး၊ ကိုယ့်နဲ့ သဘောထားမတူတဲ့သူတွေကို ထိပ်တိုက်ရင်ဆိုင်ရမယ်ဆိုတာ မဟုတ်သေးဘူး၊ သဘောထားချင်းမတူရင် ညှိနှိုင်းဖလှယ်ဖို့ပဲ’’ ဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်နေသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေး ကော်မတီရုံးခန်းတွင် ယနေ့ကျင်းပသည့် သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင် အထက်ပါတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

လွှတ်တော်ထဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ အစီရင်ခံစာအား လွှတ်တော်တွင်း ဆွေးနွေး ရာတွင် ၄၃၆နှင့် ၅၉(စ)အား တပ်မတော်သားများသာမက အချို့သော ကိုယ်စားလှယ်အချို့၊ ပါတီအချို့လည်း မပြင်ရန်ဆွေးနွေးသည်များ လည်းရှိသည်ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က "အဲ့လို ဖြစ်တာက လူ့အဖွဲ့အစည်းရဲ့သဘာဝ၊ သိပ်ပြီးတော့လည်း အစိုးရိမ်မလွန်ဖို့လည်း လိုပါတယ်။ ဒါမျိုးဆိုတာဟာ ကျော်လွှားဖို့ ဘယ်လိုနည်း ရှာမလဲပဲစဉ်းစားရမယ်’’ ဟု ဖြည့်စွက်ပြောသည်။


ခြောက်ပွင့်ဆိုင်သည် တွေ့ဆုံမှုအတွက် လမ်းစဖွင့်ခြင်းဖြစ်

ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်က ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် ဦးမြင့်ထွန်း၏ အရေးကြီးအဆိုဖြစ်သည့် သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးသည် အားလုံးပါဝင်ရန် လမ်းစတစ်ခုဖြစ်သည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က "ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲမှာ လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်တွေ မပါဘူးဆိုတာက ပြည်ထောင်စု လွှတ်တော်က တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့လို့ပြောတဲ့အတွက် ဘာမှပြောစရာမရှိပါဘူး’’ ဟု ဆိုသည်။

၎င်းက "ဒါပေမယ့် တဖြေးဖြေးနဲ့တော့ ပါလာမှာပေါ့၊ လေးပွင့်ဆိုင်ဆိုတာကလည်း တွေ့ဆုံဆွေးနွေးမှုအတွက် လမ်းစဖွင့်တဲ့ သဘောပဲ’’ ဟု ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် မတွေ့ဆုံလိုသူများသည် မည်သည့်အတွက်ကြောင့် မတွေ့ဆုံလိုသည်၊ မည်သည့်အရာများကို စိုးရိမ်နေသည်ကို မသိရှိကြောင်း၊ ယင်းစိုးရိမ်များအတွက်လည်း တွေ့ဆုံဆွေးနွေးရန် လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။


ပြည်တွင်းငြိမ်းချမ်းရေးမှာ အင်န်အယ်လ်ဒီ အခန်းကဏ္ဍနည်းပါးခဲ့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကဏ္ဍတွင် ပါဝင်မှုနည်းပါးခဲ့သော်လည်း ငြိမ်းချမ်းရေး၏ အပြီးသတ်ဖြစ်စဉ်များတွင်မူ အများစုထောက်ခံသော နိုင်ငံရေးပါတီ တစ်ရပ်အနေဖြင့် ပါဝင်သွားရမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က "ပြည်တွင်းငြိမ်းရေးမှာတော့ အင်န်အယ်လ်ဒီရဲ့ ကဏ္ဍဟာ နည်းခဲ့ပါတယ်၊အန်တီတို့လက်ခံတယ်’’ ဟု မဇ္ဈိမ၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။


အပစ်ရပ်ရေးသည် ငြိမ်းချမ်းရေးအတွက် အရေးကြီးဆုံး

ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းငြိမ်းချမ်းရေး ကဏ္ဍတွင် လက်နက်ကိုင်တပ်ဖွဲ့ချင်း အပစ်အခတ်ရပ်စဲရေးသည် ပထမဦးဆုံးအရေးပါ သည့် အချက်ဖြစ်သည်ဟုလည်း ထောက်ပြခဲ့သည်။

၎င်းက "ဒါကလည်း ဘယ်လိုငြင်းလို့မရဘူး၊ တစ်ယောက်နဲ့ တစ်ယောက်ပစ်နေရင်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရအောင် လုပ်မယ်ဆိုတာက လည်း ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူး’’ ဟု ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေးသည်အရေးအကြီးအဆုံးပြောကြားသော်လည်း မကြာသေးမီ က ကေအိုင်အေ ဗိုလ်လောင်းသင်တန်းကျောင်းအား မြန်မာ့တပ်မတော်က လက်နတ်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် နှစ်ဖက် စစ်ရေးတင်းမာမှုများ ဖြစ်ပွားချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ရန် အချိန်မကျသေးမီတွင် အခြားသူများ၏ လုပ်ဆောင်ချက်များအား အနှောင့်အယှက်ဖြစ်စေမည့် အပြောအဆိုများကို မပြုလုပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သို့သော် ငြိမ်းချမ်းရေးဖြစ်စဉ်၏ အပြီးသတ်အချိန်များတွင်မူ အဓိက ကျသည့် နိုင်ငံရေးအင်အားစုများ၏ ပါဝင်မှုသည် များစွာအရေးကြီးသည့် အတွက် မဖြစ်မနေပါဝင်သွားမည်ဟုလည်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က "မှတ်ချက်တွေဘာတွေတောင် အန်တီတို့ မလိုအပ်ဘဲနဲ့ မလုပ်ဘူး’’ ဟု ဖြည့်စွက်ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၀ ရွေးကောက်ပွဲအား သပိတ်မှောက်ခဲ့သော်လည်း ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တွင်မူ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟူသော ရည်ရွယ်ချက်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။


တရားဥပဒေ စိုးမိုးရေး ထိရောက်ရန် အုပ်ချုပ်ရေးပိုင်းက အဓိကကျ

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေး ကော်မတီသည် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ နှစ်ကြိမ်တိုင် အစီရင်ခံစာများတင်၍ ဆောင်ရွက်ခဲ့သော်လည်း အဓိကကျသည်မှာ အုပ်ချုပ်ရေး ပိုင်းက ဖြစ်သည်ဟု ပြောကြားသည်။

၎င်းက "ဒါ အန်တီတို့ ခေါင်းရှောင်တာမဟုတ်ဘူး၊ အဖြစ်ကို အဖြစ်အတိုင်းပြောပြတာ’’ ဟု ဖြည့်စွက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်သည် အစိုးရအဖွဲ့အား အကြံပြုရုံသာပြုနိုင်ပြီး အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့် အစိုးရအဖွဲ့ကသာ လုပ်ဆောင်ရမည်ကို လယ်ယာမြေကိစ္စများကို လေ့လာပါက သိနိုင်ကြောင်းနှင့် အားနည်းနေသည့် တရားရေးကဏ္ဍအတွက် လားရှိုးနှင့် မန္တလေးမြို့တွင် တရားဥပဒေ စိုးမိုးရေးစင်တာများ ယခုလအတွင်း တည်ထောင်သွားမည်ဟု ပြောသည်။


၂၀၁၅ ကိုယ်စားလှယ်လောင်းဖြစ်ရန် အင်န်အယ်လ်ဒီပါတီဝင်ဖြစ်ဖို့ မလို

လာမည့် ၂၀၁၅ ခုနှစ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ် ကိုယ်စားလှယ်လောင်းများ စုစုပေါင်း ၁၂၀၀ ခန့်ရွေးချယ်ရာတွင် အရေအတွက်အားဖြင့် အခက်အခဲရှိမည် မဟုတ်သော်လည်း အရည်အချင်းပြည့်သည့်ကိုယ်စားလှယ်လောင်များရှာရန် ခက်ခဲမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံပြောကြားသည်။

၎င်းက "ကိုယ်စားလှယ်လောင်းတွေကိုပါတီဝင်ဖြစ်ဖို့မလိုဘူး။ အရည်အချင်းရှိဖို့ပဲလိုတယ်၊ အဲ့ဒါကို အန်တီခက်ခက်ခဲခဲ ကြိုးပမ်းရှာမယ်’’ ဟု ဆိုသည်။

အင်န်အယ်လ်ဒီပါတီအနေဖြင့် ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင် ပညာတက်မြောက်မှု၊ အမျိုးသမီး၊ လူငယ်၊ တိုင်းရင်းသားဟူ၍ ဦးစားပေးရွေးချယ်သွားမည်ဖြစ်ကာ ပထမ အမျိုးအစားသုံးမျိုးတွင်လည်း တိုင်းရင်သားများ ပါဝင်မည်ဟု ပြောသည်။


ပြည်သူယုံကြည်သူ ခေါင်းဆောင်ဖြစ်ဖို့ အဓိက

အနာဂတ်ဒီမိုကရေစီနိုင်ငံအတွက် တိုင်းပြည်အား ခေါ်ဆောင်မည့်သူမှာ အခြားအရည်အချင်းများထက် ပြည်သူလူထု၏ ယုံကြည်မှုသည်သာ အရေးအကြီးဆုံးဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က "ထိရောက်တဲ့ ခေါင်းဆောင်မှုဖြစ်ဖို့က ပြည်သူလူထုရဲ့ ယုံကြည်မှုပဲ’’ ဟု ပြောသည်။

၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှုးမြို့နယ်မဲဆန္ဒနယ်မှ ပါဝင်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သည့် အင်န်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်နောက်ဆုံးရက် သို့မဟုတ် မပြီးဆုံးမီ တစ်ရက်အလိုတွင် သတင်းမီဒီယာ များ ခေါ်ယူတွေ့ဆုံလေ့ရှိသည်။

No comments: