Saturday, November 29, 2014

လှိုင်သာယာ ကျောပိုးအိတ်စက်ရုံ အလုပ်သမားများ ပြေလည်မှုရ

ခင်မြတ်မြတ်ဝေ

လှိုင်သာယာမြို့၊ ဇုန် (၂) နဝဒေးလမ်း Packraft Myanmar ကျောပိုးအိတ် စက်ရုံမှ ဆန္ဒပြခဲ့ကြသည့် အလုပ်သမား များနှင့် အလုပ်ရှင်တို့ ညှိနှိုင်းရာ ပြေလည်မှု ရသဖြင့် ဆန္ဒပြ အလုပ်သမား ၁၀၀၀ ကျော်က နိုဝင်ဘာ ၂၈ ရက်တွင် လုပ်ငန်းခွင် ပြန်ဝင်နေပြီဟု လှိုင်သာယာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေး အတွင်းရေးမှူး ဦးအောင်ကျော်မင်းက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာ ၂၆ ရက်က ညှိနှိုင်းချက်အရ အလုပ်သမား တစ်ဦး၏ နေ့စဉ် လုပ်အားခအား ကျပ် ၃၃၃ ကျပ်နှုန်း၊ ရှားပါး ၂ သောင်း၊ သတ်မှတ်ပြီး ဆန္ဒပြခဲ့သည့် ၁၄ ရက်တာတွင် ၇ရက်စာအတွက် နေ့စဉ်ကြေးနှင့် ရှားပါးစရိတ်ကို နုတ်ရန် နှစ်ဖက်သဘောတူခဲ့သည်ဟု ဆိုသည်။

"ဆန္ဒပြခဲ့တုန်းက ၁၄ ရက်ကို ၇ ရက်စာကိုတော့ အလုပ်ရှင်ဘက်က နေ့စဉ်ကြေး၊ ရှားပါးစရိတ်တို့တော့ နုတ်မယ်ဆိုပြီး အလုပ်ရှင်နဲ့ အလုပ်သမားနှစ်ဦး သဘောတူ လက်မှတ်ထိုးထားတယ်" ဟု ၎င်းကဆိုသည်။

ယင်းစက်ရုံရှိ အလုပ်သမားများက နိုဝင်ဘာ ၉ ရက်နေ့ မှစ၍ လုပ်ခလစာတိုးမြှင့်ရေး၊ ရှားပါးစာရိတ်တိုးမြှင့်ရေး အပါအဝင် အချက် ၁၀ ချက်ဖြင့် တောင်းဆိုဆန္ဒပြခဲ့ရာ ၁၄ရက်ကြာမြင့်ခဲ့သည်။

ယင်းတောင်းဆိုမှုကို အလုပ်ရှင်ဘက်မှ အချက် ၆ ချက်ကို သဘောတူခဲ့ပြီး၊ အလုပ်သမားများ ဆန္ဒပြခဲ့သည့် ရက်အ တွက် ငွေကြေးဖြတ်တောက်မှုအပေါ် ထပ်မံ၍ အငြင်းပွားကာ အလုပ်သမား ၁၀၀၀ ကျော်က အလုပ်မဆင်းသည့် နည်းဖြင့် ဆန္ဒပြခဲ့သေးသည်။

No comments: