Friday, November 28, 2014

တစ်နှစ်ရပ်ထားသော ထားဝယ် အထူးစီးပွားရေးဇုန် ကနဦးလုပ်ငန်းများ ပြန်စတော့မည်ဟုဆို

စိုးသန်းလင်း

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် အီတာ လျံ-ထိုင်း ကုမ္ပဏီလီမိတက်တို့ ချုပ်ဆိုခဲ့သည့် ထားဝယ် ရေနက် ဆိပ်ကမ်းဆိုင်ရာ မူဘောင်သဘောတူစာချုပ် ချုပ်ဆိုပြီးသော်လည်း ၂၀၁၃ နိုဝင်ဘာ၂၁ရက်မှစ၍ ယနေ့ ထိ တစ်နှစ်ခန့် ရပ်ဆိုင်းထားသော ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို ပြန်လည် စတင်တော့မည်ဟု ပို့ဆောင်ရေး ဒုတိယ၀န်ကြီး ဦးဟံစိန်က ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ ပြောခဲ့သည်။

“ကနဦးလုပ်ငန်းများတွေ ပြန်စနိုင်ဖို့  သုတေသနလုပ်ငန်းတို့ကို အခုစတင်ဆောင်ရွက်နေပါပြီ။ ၂၀၁၅ မတ်လမှာ အပြီးလုပ်ပါမယ်။ အဲဒီ သုတေသနလုပ်ငန်းသုံးခုကို ဂျပန်နိုင်ငံ စီးပွားကုန်သွယ်ရေးနှင့် စက်မှု ၀န်ကြီးဌာန(METI)က ဦးဆောင်ပြီး Economic Research Institute for ASEAN and East Asia (ERIA) က တာဝန်ယူဆောင်ရွက်သွားပါမယ်။ERIAကို ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်တွင် ဂျပန်နိုင်ငံ ကိုယ်စားပြုအဖွဲ့ဝင်အဖြစ် လက်ခံရန် METI က ကမ်းလှမ်းထားပါတယ်” ဟု ၎င်းက လောင်းလုံမြို့နယ် အမတ် ဦးအောင်စိုး၏ အမေးကို ဖြေကြားရာတွင် ပြောခဲ့သည်။

ယခင်က ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း (၁) အတွက် ထိုစဉ်က အမေရိကန် ဒေါ်လာ ၈ ဒသမ ၂ ဘီလီယံခန့်ကုန်ကျမည်ဟု ခန့်မှန်းခဲ့ကာ စီမံကိန်းလုပ်ငန်းတည်ဆောက်သူအဖြစ် ပုဂ္ဂလိက ကုမ္ပဏီတစ်ခု တည်းကိုသာ အပ်နှံဆောင်ရွက်သည့်အတွက် ၎င်းအနေဖြင့် နိုင်ငံတကာငွေကြေး အဖွဲ့အစည်းများထံမှ ချေးငွေမရရှိခြင်း၊ အခြားရင်းနှီးမြှုပ်နှံသူများမှ ငွေကြေးထည့်ဝင်မှု မရှိခြင်းတို့ကြောင့် စီမံကိန်းကို သတ် မှတ်ချိန်အတိုင်း အကောင်အထည် မဖော်နိုင်ဘဲ နှောင့်နှေးခဲ့ရကြောင်း၊ ၂၀၁၂ တွင် မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့ နားလည်မှုစာချွန်လွှာထိုးခဲ့ကြောင်း၊ မြန်မာ- အီတာ လျံထိုင်းစာချုပ်ကို ရပ်ဆိုင်းပြီး ယခုကဲသို့ ဂျပန်ကုမ္ပဏီနှင့် ပြောင်းလဲချုပ်ဆိုခြင်းမှာ အီတာလျံထိုင်းကို ဘေးသို့ဖယ်ထုတ်ခြင်း မဟုတ်ဘဲ နိုင်ငံ တကာစံနှုန်းများအရ ပိုမိုစနစ်ကျပြီး စည်းနှောင်မှု အားကောင်းသည့် ပုံစံသို့ ပြောင်းလဲဆောင်ရွက်ခြင်း သာဖြစ်ကြောင်းလည်း ၀န်ကြီးက ရှင်းပြသည်။

“ကနဦးစီမံကိန်းတွင် နှစ်လမ်းသွား ကားလမ်း၊ ဆိပ်ကမ်းငယ်၊ ကနဦးစက်မှုဇုန်၊ ကနဦး လျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ ကနဦး လူနေ အဆောက်အအုံများနှင့် မြို့ပြစီမံကိန်း၊ ကနဦး ရေပေးဝေမှုစီမံကိန်း၊ ဆက်သွယ် ရေးလိုင်းများ ပါဝင်ပါမယ်။ ကနဦး လုပ်ငန်းတွေ အမြန်ဆောင်ရွက်နိုင်ရန် နိုင်ငံတကာ တင်ဒါခေါ်ယူခြင်း မပြုဘဲ ရွေးချယ်ခေါ်ယူခြင်းပုံစံနဲ့ MRTI မှတစ်ဆင့် ဂျပန်ကုမ္ပဏီများ ကိုဖိတ်ခေါ်ခဲ့ပါတယ်” ဟုလည်း ဝန်ကြီးက ဖြည့်စွက်ပြောသည်။

No comments: