Saturday, November 29, 2014

နယ်စပ်မှ တရုတ်သို့ ဆန်ပုံမှန် ပြန်လည်တင်ပို့နေပြီး ဆန်တန်ချိန် အများအပြား မတင်ပို့ရန် အသိပေး

သီဟကိုကို

မြန်မာနိုင်ငံ မူဆယ်ဒေသမှ တစ်ဆင့် တရုတ်နိုင်ငံ ရွှေလီဒေသဘက်သို့ နယ်စပ်လမ်းကြောင်းမှတစ်ဆင့် ဆန်ပုံမှန်ပြန် လည်တင်ပို့နေသည်ဟု မန္တလေး-မူဆယ် ဆန်ကုန်သည်များက ပြောသည်။

သို့သော် နယ်စပ်ကုန်သည်များက ဆန်တန်ချိန်အများအပြား တရုတ်သို့ တင်ပို့ပါ က တရုတ်အာဏာပိုင်များမှ ပြန်လည်ဖမ်း ဆီးမည်ကို စိုးရိမ်ရသည့်အတွက် နယ်စပ်မှ ဆန်တန်ချိန် အများအပြားမတင်ပို့ရန် လိုအပ်သည်ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ တာဝန်ရှိသူ များက ပြောသည်။

ပြီးခဲ့သည့်သုံးလခန့်မှစတင်ကာ မူဆယ်ဒေသမှ တရုတ်နိုင်ငံဘက်ခြမ်းသို့ ၀ယ်ယူ တင်သွင်းသွားသည့် တရုတ်ကုန်သည်များကို တရုတ်အာဏာပိုင် အဖွဲ့အစည်းများက ဖမ်းဆီးမှုများပြားခဲ့ပြီး နယ်စပ်မှ တရုတ်သို့ ဆန်တင်ပို့နေမှုများ ကျဆင်းသွားခဲ့သည်။

“အရင်လတွေက တရုတ်မှာ ဆန်သစ်ထွက်ချိန်ဆိုတော့ သူတို့ဘက်က တောင်သူတွေကို အကာအကွယ်ပေးတဲ့ အနေနဲ့ အဖမ်းအဆီးများ တာပါ။ အခု အရောင်းအဝယ်က ပုံမှန်ပြန်ဖြစ်လာပါတယ်” ဟု မူဆယ်ဒေသ ဆန်ကုန်သည် တစ်ဦးက ပြောသည်။

နိုဝင်ဘာလ တတိယရက်သတ္တပတ်တွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တရုတ်သို့ ဆန်တန်ချိန် ၂၅,၀၀၀ ၀န်းကျင် တင်ပို့ခဲ့ပြီး မူဆယ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တန်ချိန် ၂၀,၀၀၀ ကျော်နှင့် လွယ် ဂျယ်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးလမ်း ကြောင်းတို့မှလည်း တင်ပို့ခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ၂၀၁၅ နှစ်ဆန်းပိုင်း၌ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှင့် ပင်လယ်ရေကြောင်းတို့မှ ဆန်တန်ချိန် နှစ်သိန်း ကို နှစ်နိုင်ငံ တရားဝင်အနေဖြင့် တင်ပို့သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ တရုတ်သို့ တရားဝင်ဆန် တင်ပို့ချိန်၌ နယ်စပ်လမ်းကြောင်းမှ လက်ရှိ ဆန်အရောင်းအ၀ယ် ဈေးကွက်မှာလည်း မပျောက်ကွယ် သွားနိုင်သေးဟု ဆန်ကုန်သည်များက သုံးသပ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံဘက်ခြမ်းမှ တရုတ်သို့ ဆန်တင်ပို့မှုသည် တရားဝင်သော်လည်း တရုတ်နိုင်ငံမှ တရားဝင်ဝယ်ယူခွင့်ပြုခြင်း မရှိသည့်အတွက် နယ်စပ်မှ ဆန်ဝယ်ယူတင်သွင်းမှုများကို တရုတ် အာဏာ ပိုင်များက ဖမ်းဆီးလေ့ရှိသည်။

မြန်မာ-တရုတ် နယ်စပ်လမ်းကြောင်းများ အပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လမ်းကြောင်းများမှ ဆန်တင်ပို့မှု မြင့်တက်နေပြီး နိုဝင်ဘာလ တတိယ ရက်သတ္တပတ်အတွင်း ကန်ဒေါ်လာ ကိုးသန်းကျော် ပို့ကုန်ဝင်ငွေ ရရှိထားသည်။

မြန်မာနိုင်ငံဘက်ခြမ်းမှ ဆန်များကို နယ်စပ်လမ်းကြောင်းမှ တစ်ဆင့် တရုတ်နိုင်ငံက ပုံမှန်ဝယ်ယူမှု များပြားသည့်အတွက် တစ်ရက်လျှင် မူဆယ်သို့ ဆန်တန်ချိန် ၃,၀၀၀ ၀န်းကျင်ခန့် အဝင်ရှိနေသည်ဟု မူဆယ်ဒေသခံ ဆန်ကုန်သည်များက ပြောကြားသည်။

No comments: