Friday, November 28, 2014

NLD ထမင်းစားဖိတ်မှု နောက်တစ်ကြိမ်မှ လက်ခံမည်ဟု တပ်ကိုယ်စားလှယ်ပြော

စိုးသန်းလင်း၊ မင်းမင်း

NLD ဖိတ်ကြားသည့် ယနေ့ ညစာစားပွဲသို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တို့ မတက်ရောက်နိုင်ခဲ့သော်လည်း နောက်တစ်ကြိမ် ဖိတ်ကြားလာပါက တက်ရောက်နိုင်လိမ့်မည်ဟု ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်းက မီဒီယာကို ပြောသည်။

“ကျွန်တော်တို NLD ကို အကြောင်းပြန်ပြီးပါပြီ။ ထမင်းစားပွဲနဲ့လည်း တိုက်နေလို့ပါ၊ အမှန်က ရက်ကြိုပြီး ဖိတ်မယ်ဆိုရင် ကျွန်တော်တို့ အားတဲ့ရက်နဲ့ ညှိနှိုင်းပြီး သွားနိုင်မှာပါ။ လာမယ့် လွှတ်တော်အစည်း အဝေး ရက်တွေမှာ ကြိုဖိတ်ခဲ့ရင် ဖြစ်ပါတယ်” ဟု ၎င်းက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် ဖြေကြားခဲ့သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ယခုကဲ့သို့ လွှတ်တော် အစည်းအဝေး ပြီးဆုံးချိန် တိုင်းတွင် အဆောင်၌ မိတ်ဆုံ စားပွဲလုပ်လေ့ရှိရာ ထိုနေ့မှာ NLD က ထမင်းစားဖိတ်သည့်နေ့ နှင့် တိုက် ဆိုင်နေ၍ မသွားနိုင်ခြင်းဖြစ်ကြောင်း၊ ကာကွယ်ရေး ဦးစီးချုပ်က ခွင့်မပြု၍ မသွားခြင်း မဟုတ်ကြောင်းလည်း ဗိုလ်မှူးချုပ် တင့်ဆန်းက ရှင်းပြခဲ့သည်။

တပ်မတော်သားအမတ်တို့ကို ထမင်းစားဖိတ်ရခြင်းကို ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ ကိုယ်စားလှယ်တွေက သူတို့အချင်းချင်းလည်း (တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့) ခင်မင်ကြတာတွေ ရှိတော့ ဖိတ်ချင်တယ်ဆိုတော့ ကျွန်မအနေနဲ့ ကောင်းတာပေါ့။ သူတို့လာနိုင်ရင် ကောင်းတာပေါ့။ ဖိတ်ချင်တဲ့ဆန္ဒရှိ ရင် ဖိတ်ပါလို့ ပြောခဲ့တယ်” ဟု ပြောသည်။

တပ်မတော်သား အမတ်တို့ဘက်မှ အကြောင်းပြန်ကြားစာတွင်မည်သို့ အကြောင်းပြချက်များပါဝင်သည် ဆို သည် ကိုမူဖြေကြားခဲ့ခြင်း မရှိပေ။

ယခု တစ်ကြိမ်သည် ဒုတိယအကြိမ် မြောက်ဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ နှစ်ကုန်ပိုင်းအတွင်း ဖိတ်ကြားရန် စီစဉ်မှုကိုလည်း တပ်မတော်က ငြင်းပယ် ဖူးသည်။

“တရားဝင်ဖိတ်တာက အခုမှ ပထမဆုံးပါ။ အရင်တုန်းကတော့ သူတို့လာမယ်ဆို ဖိတ်မယ်ဆိုတဲ့ အဆင့် လောက်ပါပဲ။ အခုကလည်း လုံးဝငြင်းတာတော့ မဟုတ်ပါဘူး” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူက ပြောသည်။

လက်ရှိအချိန်သည် ဖွဲ့စည်းပုံပြင်ဆင် ရေးကိစ္စရပ်များအတွင်း တပ်မတော်နှင့် အင်န်အယ်လ်ဒီတို့ ထိပ်တိုက်တွေ့ဆုံနေချိန်လည်းဖြစ်၍ ထိုသို့ ငြင်းပယ်ခြင်းသည် မကောင်းဟု လေ့လာသူတို့က ဆိုသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ဆိုတာက တပ်မတော်နဲ့ အတိုက်အခံတို့ တွေ့ဆုံဆွေးနွေးမှ အဆင် ပြေမှာဗျ။ အခုလို ငြင်းတယ်ဆိုတာ ကလည်း လွယ်လွယ်ကူကူဖြစ်တဲ့ ကိစ္စတော့ မဟုတ်ဘူး။

“ကြားထဲမှာ ကြီးကြီးမားမား အခက်အခဲရှိနေပုံရတယ်။ သွားတွေ့တာတို့၊ ငြင်းတာတို့ကတော့လည်း အထက်အမိန့်အရ လုပ်ရတာပေါ့လေ” ဟု ရန်ကုန် နိုင်ငံရေးသိပံ္ပကျောင်း ဥက္ကဋ္ဌ ဦးမြတ်သူက ပြောကြားခဲ့ သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းဦးကလည်း အထက်အရာရှိများ ခွင့်မပြု၍ တွေ့ဆုံပွဲမဖြစ် မြောက်ခြင်းဟု သုံးသပ်သည်။

“အခုက နိုင်ငံရဲ့ပြောင်းလဲမှုနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်း လဲရေးနဲ့ပတ်သက်လို့ကတော့ တစ်ယောက်ရဲ့ သဘောထားနဲ့ တစ်ယောက်ရဲ့သဘောထားက မညီကြဘူးပေါ့နော်။ ဆိုတဲ့အခါ ကျတော့ ဒီလိုနှစ်ဦးနှစ်ဖက် တွေ့ပြီးတော့မှ ညှိနှိုင်းနိုင်တယ် ဆိုရင်တော့ ကောင်းတဲ့ အလားအလာပါပဲ။ သာမန် ထမင်းစားဖို့ တွေ့တာပဲဖြစ်ဖြစ်၊ တစ်ကယ့်ဆွေးနွေးဖို့တွေ့တာပဲဖြစ်ဖြစ်၊ နောက်လာမယ့် ရက်ပိုင်း၊ လပိုင်းတွေမှာ တွေ့နိုင်မယ်ဆိုရင်တော့ ကောင်းတဲ့အနေအထား ဖြစ်ပါတယ်” ဟု ဆိုသည်။

တပ်မတော်သားတို့နှင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ တွေ့ဆုံပွဲ မဖြစ် မြောက်သေးသော်လည်း ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဒေါ်အောင်ဆန်း စုကြည်တို့မူ သမ္မတ၏ ဖိတ်ခေါ်မှုဖြင့် စက်တင်ဘာ ၃၁ ရက်က ပထမအကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်အရ မကြာမီကာလအတွင်း သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာ အေးမောင်တို့ တွေ့ဆုံရန်ရှိ နေသည်။

No comments: