Sunday, November 30, 2014

ကြည်ညိုဖွယ်ရာ မဖြစ်အောင် နေထိုင်သော ရဟန်း၊ သာမဏေ၊ သီလရှင်များကို ထိန်းသိမ်း အရေးယူမည်

အေးမြင့်စန်း

သမဏသာရုပ္ပ (ကြည်ညိုဖွယ်ရာ ကောင်းအောင် ပြောဆိုနေထိုင်သော) မဖြစ်သော အမှုများ ကျူးလွန်သည့် ရဟန်း၊ သာမဏေ၊ သီလရှင်များကို ထိန်းသိမ်း အရေးယူနိုင်ရေးအတွက် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်းသွားမည်ဟုတိုင်းသာသနာရေးမှူး ဦးစိန်မော်က မဇ္ဈိမကို ပြောသည်။

အဆိုပါ အဖွဲ့များ ဖွဲ့စည်း၍ ထိန်းသိမ်းအရေးယူခြင်း ဆောင်ရွက်ရန်အတွက် နိုဝင်ဘာ၂၆ ရက်က ပြုလုပ်သည့် ဂိုဏ်းပေါင်းစုံ တိုင်း၊ မြို့နယ်သံဃာ့နာယက အဖွဲ့ ဆရာတော်များနှင့် သီလရှင် အမှုဆောင်များ ညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ချက် ချမှတ်လိုက်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့များတွင် မြို့နယ်/တိုင်း သံဃနာယက အဖွဲ့များ၊ ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များ၊ သာသနာရေးမှ ကိုယ်စားလှယ်များ ပါဝင်မည် ဖြစ်ပြီး နိုဝင်ဘာလကုန်တွင် အပြီးသတ် ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်သည်။ အဆိုပါ အဖွဲ့က မြို့နယ်တိုင်းကို လှည့်လည် စစ်ဆေးမည်ဖြစ်သည်။

လက်ရှိအချိန်တွင် သာသာတော် ညှိုးနွမ်းစေသည့် ကိစ္စများ ဖြစ်ပေါ်နေသည်မှာ ကြာနေပြီဟုလည်း ရွှေညဝါဆရာတော် အရှင်ပညာသီဟက မဇ္ဈိမကို မိန့်သည်။

ဆရာတော်က "နိုင်ငံတော်အခင်းကျင်းမှာရော၊ ကမ္ဘာမှာပါ သံဃာတော်တွေ ဂုဏ်သိက္ခာကျ ဆင်းရတယ်။ အကုန်လုံး အသိတရားရှိအောင် အရေးယူသင့်တာတွေယူ၊ လုပ်သင့်တာတွေလုပ်ရမှာ သံဃာနာယကအဖွဲ့ကြီးရဲ့အလုပ်ဖြစ်တယ်" ဟု မိန့်သည်။

မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခကလည်း ယင်းကဲ့သို့ အရေးယူမှုများ ပြုလုပ်သည်ကို ကြိုဆိုသည်ဟု မိန့်သည်။

ဆရာတော်က "သံဃာ့ဝိနည်းနဲ့မကိုက်ညီတဲ့ အပြုအမူတွေလုပ်နေတဲ့ သံဃာတွေကြောင့် သာသနာ ညှိုးနွမ်းရတယ်။ အရေးယူတဲ့ အနေမှာလည်း တိုင်း၊ မြို့နယ် သာသနာရေး အဖွဲ့တွေ၊ သံဃာတွေဘက်ကလဲ ထုတ်ပြန်ထားတဲ့ ဥပဒေတွေအတိုင်း ကိုယ်တိုင်က လိုက်နာဖို့လိုပါတယ်။ ဘက်မလိုက်သော အရေးယူမှုတွေပဲ ဖြစ်သင့်ပါတယ်" ဟု ရွှေညဝါဆရာတော်က မိန့်ကြားသည်။

ယင်းကဲ့သို့ ညွှန်ကြားချက်များ ထုတ်ပြန်ရခြင်းမှာ အချို့သော မြို့နယ်များ၌ ရဟန်းသာမဏေအချို့သည် စားသောက်ဆိုင်များ၌ နေ့လွှဲညစာ စားသုံးခြင်း၊ အရက်သေစာ သောက်စားမှုကို ကျူးလွန်ခြင်း၊ ဘာသာခြားဆိုင်များကို ဝင်ရောက်ဖျက်ဆီးခြင်း၊ အုပ်စုဖွဲ့၍ အနိုင်ကျင့်ခြင်း စသည့် ကြည်ညိုဖွယ်ရာ မကောင်းသော အမှုများကို ကျူးလွန်နေသည်။ ယင်းအပြင် အချို့သော ရဟန်းသာမဏေများသည် မြတ်ဗုဒ္ဓ၏ ဝိနည်းသိက္ခာပုဒ်တော်များကို ကျူးလွန်ဖောက်ဖျက်လျက်ရှိခြင်း၊ ပါတီနိုင်ငံရေးများတွင် ထဲထဲဝင်ဝင် ပါဝင်လျက်ရှိခြင်း၊ အားပေးလှုံ့ဆော်ရေး များ ဟောပြောစည်းရုံးလျက်ရှိခြင်းကို ဗုဒ္ဓဘာသာဝင် ဒါယကာ၊ ဒါယိကာမ အပေါင်းတို့မှာ စိတ်နှလုံးမချမ်းမသာ ဖြစ်နေကြပါ၍ ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟုလည်း အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းအပြင် ကျောင်းတိုက်စည်းမျဉ်း၊ စည်းကမ်းမလိုက်နာနိုင်မှု၊ ကျောင်းအဖြစ် အသိအမှတ်မပြုသော အဆောက်အအုံ၌ နေထိုင်မှု၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ခေါ်ယူဆုံးမမှုကို မလိုက်နာ ဆန့်ကျင်နေမှုတို့ကို အရေးယူရန် နည်းလမ်းများကို သံဃနာယက အဖွဲ့ကြီး၏ ညွှန်ကြားလွှာများချမှတ်ကာ စည်းကမ်းထိန်းသိမ်းမည် ဖြစ်သည်။

ထို့အပြင် ဝါဆို၊ ကထိန်သင်္ကန်းအတွက် ဆွမ်းပဒေသာပင်အတွက်၊ ကျောင်းပြင်ဆင်ဆောက်လုပ်ရန် စသည်ဖြင့် အကြောင်းအမျိုးမျိုးပြ၍ သက်ဆိုင်ရာ မြို့နယ် သံဃနာယက အဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ အလှူခံနေကြကြောင်း၊ သာမဏေငယ်များသည် စားသောက်ဆိုင်အတွင်း စားသောက်နေသူများ အကြား ဝင်ရောက်၍ အလှူခံနေကြကြောင်း တွေ့မြင်ရသည်ဟုလည်း အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းကြောင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်နှင့် အာဏာပိုင် အဖွဲ့အစည်းတို့ ပူးပေါင်းညှိနှိုင်းလျက် အရေးယူနိုင်ရန် စီမံချက်ရေး ဆွဲခြင်း ဖြစ်သည်။

No comments: