Saturday, November 29, 2014

ကားဟောင်းများ အပ်နှံရက် ထပ်တိုးပေးမည် မဟုတ်ဟုဆို

စိုးသန်းလင်း

စက်မှုဇုန်ထုတ် ကားများ အပါအဝင် သုံးဘီးကားများနှင့် သက်တမ်းအနှစ် ၂၀ ကျော် ယာဉ်အို ယာဉ်ဟောင်းများကို ဖျက်သိမ်းနိုင်ရန် ၂၀၁၄ ဒီဇင်ဘာလကုန်ရက်တွင် နောက်ဆုံးထား အပ်နှံရမည်ဟူသည့် သတ်မှတ်ချက်ကို နောက်တစ်နှစ် ထပ်တိုးပေးမည် မဟုတ်ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချန်မောင်က ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

“ယာဉ်အို ယာဉ်ဟောင်း အပ်နှံခြင်း စီမံချက်ကို ၁၉-၉-၂၀၁၁မှ စတင်ဆောင်ရွက်ခဲ့ပါသဖြင့် သုံးနှစ်ကျော် လွန်ခဲ့ပြီဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ကြီးတင်ပြထားတဲ့ ယာဉ်သုံးမျိုး (ဇုန်ထုတ်ကား၊ သုံးဘီးနှင့် နှစ် ၂၀ ကျော်ယာဉ်) မှာ သတ်မှတ်ရက် ၃၁-၁၂-၁၄ အမီ အပ်နှံရန် ၁၇၄,၈၉၈ စီးရှိနေပါတယ်။

ယာဉ်အပ်နှံမှု နည်းပါးရခြင်းမှာ ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနရုံးများက လုပ်ငန်းမနိုင်၍ နည်း ပါးရခြင်းမဟုတ်ဘဲ ယာဉ်ပိုင်ရှင်များ ဆန္ဒအရဖြစ်ကြောင်း တွေ့ရပါတယ်။ နောက်ဆုံးထားအပ်နှံရက်ကို တိုးမြှင့်ပေးရန်မရှိပါ” ဟု ဒု-၀န်ကြီးက မော်လမြိုင် အမတ် ဒေါ်ခင်ဌေးကြွယ်၏ ကြယ်ပွင့်ပြမေးခွန်းကို ဖြေကြားခဲ့သည်။

ဇုန်ထုတ်ကားများတွင် ဂျစ်ကားများသာ အအပ်များပြီး ဘတ်စ်၊ မီနီဘတ်စ်၊ မိုက်ခရိုဘတ်စ်၊ ထရပ်ခ်နှင့် လိုက်ထရပ်ခ်ကားများ အပ်နှံမှု နည်းကြောင်း၊ သက်တမ်းနှစ် ၂၀ ကျော်ကားများတွင်လည်း အရည်အသွေး ညံ့သော ဥပဓိရုပ်မကောင်းသော ကားအချို့သာ အပ်နှံသည်ကို တွေ့ရကြောင်း ဒု-ဝန်ကြီး က ရှင်းပြခဲ့ သည်။

No comments: