ဝေေ၀အောင်
စစ်ဘေးဒဏ်ခံခဲ့ရသော ဒေသများကို အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးနိုင်ရန် လွတ်တော်သို့ ပြီးခဲ့သည့် အောက်တိုဘာလ ပြုလုပ်ခဲ့သော ဒဿမ အကြိမ်ပုံမှန် လွတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့ကြောင်း ကယားပြည်နယ် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဘိုးရယ်က ကန္တာရ၀တီတိုင်း(မ်) သို့ဆိုသည်။
“ဖွံ့ဖြိုးမှုနည်းနေတဲ့ စစ်ဘေးဒါဏ်ခံရတဲ့ ဒီစုစည်းကျေးရွာတွေ အတွက် ကျတော်အဆိုတွေတင်ထားတာ နိုင်ငံတော်ကနေပြီးတော့ တခုချင်းစီလုပ်ပေးမှာပါ။ အခုလည်း ကျေးလက်အိမ်ရာတွေ လုပ်ပေးပြီးပြီ” ဟု ဦးဘိုးရယ်ကပြောသည်။
ယခင်က စစ်ဘေးကြောင့် ရပ်ရွာ၊ နေအိမ်၊ ကျွဲနွားများနှင့် ဥစ္စာပစ္စည်းများ ဆုံးရှုံးခဲ့ရသော ပြည်သူများ အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် တင်ပြခဲ့ခြင်း ဖြစ်ကြောင်း၎င်းကဆက်ပြောသည်။
“တခြားမလုပ်နိုင်သည့်တိုင်အောင် အနည်းဆုံးမြစိမ်းရောင် ကျေးရွာစီမံကိန်း အဲ့ဒါတွေ လုပ်ပေးစေချင်တယ်” ဟု ဦးဌေးရယ်ကပြောသည်။
မြန်မာတနိုင်ငံလုံးတွင် ပြည်ထောင်စုအစိုးရမှချပေးသည့် ဘတ်ဂျက်ငွေဖြင့် ပြည်နယ်များအတွင်း မြစိမ်းရောင် ဖွံ့ဖြိုးရေး စီမံကိန်းများလုပ်ဆောင်ပေးနေမှုများရှကြောင်းသိရသည်။
စစ်ဘေးဒဏ်ခံရသော ဒေသများရှိ ပြည်သူများမှာ စစ်ဘေးကိုရှောင်ပုန်းနေကြရင်း မိမိတို့ပိုင်ဆိုင်မှုများ ကိုစွန့်လွတ်ခဲ့ရပြီး ယခုအပစ်ခတ်ရပ်စဲရေးကာလအတွင်း နေရပ်သို့ပြန်လည်အခြေချနေထိုင်သည့်အခါ စားဝတ်နေရေး အခက်ခဲများကြုံတွေ့နေရကြောင်း KNPP ဆက်ဆံရေးရုံးတာဝန်ခံ ခူးပလုရယ်က ပြောသည်။
“လယ်ယာမြေလည်းမရှိတဲ့သူတို့အတွက် စားရေးသောက်ရေးပေါ့.. ခက်တယ်။ တချို့တွေက ရှိစုမဲ့စု ပစ္စည်းလေးတွေကိုရောင်းချပြီး လယ်ယာမြေတွေ ပြန်ဝယ်နေကြတာပေါ့.။ လယ်ယာမြေတွေ ရှာဖွေလုပ်ကိုင်တာတွေရှိတာပေါ့” ဟု ခူးပလုရယ်ကပြောသည်။
KNPP အနေဖြင့် အခြား NGO အဖွဲ့များနှင့်ပူးပေါင်း၍ ၄င်းစစ်ဘေးဒဏ်ခံ ပြည်သူတွေအတွက် ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးခြင်းများ၊ အသိပညာဖွံ့ဖြိုးရေး၊ တနိုင်တပိုင်ဖွံ့ဖြိုးရေး များလုပ်ဆောင်ပေးနေမှု များရှိကြောင်း ခူးပလူရယ်က ပြောသည်။
ကယားပြည်နယ်တွင် စစ်ဘေးရှောင်ကျေးရွာများသည် အများအားဖြင့် ရှားတောမြို့နှင့် ဖားဆောင်းမြို့ ဖက်တွင် ပိုမိုများပြားနေပြီး လူဦးရေအားဖြင့် ၅၀၀၀၀ (ငါးသောင်းခန့်) ရှိသည်ဟု ခူးပလုရယ်ထံမှ သိရသည်။ ၄င်းရွာရှောင်များသည် ၁၉၉၇ ခုနှစ်တွင် အစိုးရ၏ဖြတ်လေးဖြတ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာခဲ့သော ကျေးရွာများဖြစ်သည်။

No comments:
Post a Comment