Saturday, November 15, 2014

အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် လေဆိပ်များတွင် တရားမ၀င်ပစ်္စည်း တင်သွင်းမှု ၄၀၆ မှု ဖမ်းဆီးရမိ

သိမ့်သဉ္ဇာဇင်

တရားမ၀င်ကုန်ပစ္စည်းကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုအဖွဲ့ (Mobile Team) အဖွဲ့မှ ရန်ကုန်အပြည် ပြည်ဆိုင်ရာဆိပ်ကမ်းတွင် လိုင်စင်မပါဘဲ တင်သွင်းသော ကွန်တိန်နာအလုံးအရေအတွက် ၂၁၈ မှုနှင့် လေဆိပ်များ၌ နိုင်ငံတော်မှ ခွင့်မပြုထားသော ပစ္စည်းတင်သွင်းမှု ၁၈၈ မှု စုစုပေါင်း ၄၀၆ မှုကို ဖမ်းဆီးရရှိ ခဲ့သည်ဟု မိုဘိုင်းတင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများဖြစ်သော ထီးတန်း၊ အေးရှားဝေါလ်၊ မြန်မာ့ စက်မှုဆိပ်ကမ်းများ၌ ကုန်ပစ္စည်းဝင်ရောက်မှုများကို ၂၀၁၄ ခုနှစ် ဇူလိုင်လမှ စ တင် စစ်ဆေးခဲ့ရာ နိုဝင်ဘာ ၆ ရက်အထိ တရား မ၀င် တင်သွင်းလာသော ကွန်တိန်နာပေါင်း ၂၁၈ လုံးကို ဖမ်းဆီးရမိခဲ့သည်ဟု ၎င်းက ဆိုသည်။

တင်သွင်းလာသည့် ကုန်သေတ္တာ ၉၀,၈၈၈ လုံးအနက် မသင်္ကာသော ကုန်သေတ္တာ ၈၆၄ လုံးကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာလေဆိပ်များ တွင် တရားမ၀င်ကုန်သွယ်ရေး ထိန်းချုပ်ခြင်းများ ကို ၂၀၁၄ ခုနှစ် ဇူလိုင် လမှ စတင်စစ်ဆေးခဲ့ရာ နိုဝင်ဘာ ၆ ရက်အထိ အပိုတင်သွင်း ထားသော ပစ္စည်း များနှင့် လိုင်စင်၊ ID မပါ ရှိသော တင်သွင်းမှုအထုပ်ပေါင်း ၁၈၈ ထုပ် ဖမ်းဆီးရမိခဲ့သည်။ တင်သွင်းလာခဲ့သော အထုပ် ၇၇,၀၂၀ တွင် မသင်္ကာသောအထုပ် ၇၄၄ ထုပ်ကို မိုဘိုင်းတင်းအဖွဲ့က စစ်ဆေးခဲ့ခြင်းဖြစ်သည်။

မိုဘိုင်းအဖွဲ့ စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ လက်ရှိအချိန်အထိ ဖမ်းဆီးရရှိမှုမှာ အမှု တွဲပေါင်း ၄,၆၀၀ ကျော် (၄၆၉၄)မှုနှင့် ခန့်မှန်း တန် ဖိုး ကျပ် ၂၄ ဒသမ ၇၂၀ ဘီလီယံရှိခဲ့ပြီး အမှုတွဲ ၃,၀၆၆ မှုကို အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဆိမ်ကမ်းခြောက်ခုနှင့် နယ်စပ်စခန်းခြောက်ခုတို့တွင် မိုဘိုင်းအဖွဲ့များထားရှိ၍ တရားမ၀င်ကုန် ပစ္စည်းများကို ဖမ်းဆီးလျက်ရှိသည်။

No comments: