Mizzima
အိုဘားမားခရီးစဉ်အတွင် မြန်မာအစိုးရနှင့် ပြည်သူတို့၏ ဧည်ဝတ်ကျေမှုကို အမေရိကန်သမ္မတနှင့် အမေရိကန် သံရုံးက ကျေးဇူးတင်ကြောင်း နှင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အမေရိကန်က ထောက်ခံကာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ရန်ကုန်မြို့ရှိ အမေရိကန် သံရုံး၏ လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
"လာမည့် ရက်များ၊ နှစ်များတွင်လည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့်ပတ်သတ်၍ အမေရိကန် နိုင်ငံအနေဖြင့် ထောက်ခံအားပေးမှုများနှင့် ပူးပေါင်းဆောင်ရွက်များကို ဆက်လက်ပြုလုပ်သွားမည်"ဟု ကြေငြာချက်တွင် ပါရှိသည်။
ထို့ပြင် သမ္မတ ဘားရက်အိုဘားမား၏ ရန်ကုန်၊ နေပြည်တော် ခရီးစဉ် နှစ်ခုလုံး အောင်မြင်စေရန် အာဏာပိုင်များသာမက နိုင်ငံသားတွေကပါ ဆောင်ရွက်ပေးခဲ့ပြီး နွေးထွေးစွာ ကြိုဆိုမှုကို သမ္မတက ကျေးဇူးတင်ကြောင်းနှင့် ဝမ်းမြောက်မိသည်ဟု ဆိုသည်။
"သမ္မတအိုဘားမားအား မြန်မာအစိုးရ နှင့် မြန်မာပြည်သူပြည်သားများက ဧည့်ဝတ်ကျေပွန်စွာ နွေးနွေးထွေးထွေး ကြိုဆိုလက်ခံခဲ့ကြသည့်အတွက် သံရုံးအနေဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြလိုပါသည်"ဟု နိုဝင်ဘာ ၁၅ရက်က သံရုံး၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
ယင်းအပြင် သူ၏ ခရီးစဉ်အတွင်း ရန်ကုန်မြို့အတွင်းက လမ်းအချို့ ပိတ်ဆို့ခဲ့ရသည့်အတွက်လည်း ကျေးဇူးတင်သလို အဆင်မပြေမှုများအတွက် ဆောင်းပိုလိုသည်ဟု ဆိုသည်။ သမ္မတ အိုဘားမားအား မြန်မာပြည်သူအချို့က ထွက်ကြိုဆိုမှုကို တွေ့ရသည်မှာ ထောက်ခံမှုကို ပြသ၍ ကျေနပ်မိသည်ဟု ဆိုသည်။
အိုဘားမားက နိုဝင်ဘာ ၁၂ရက် ညက စတင်သည့် သူ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နေပြည်တော်တွင် အရှေ့-အာရှ ထိပ်သီးအစည်းအဝေးများ တက်ရောက်ခြင်း၊ သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။
နိုဝင်ဘာ ၁၄ရက်တွင် ရန်ကုန်ခရီးစဉ်ကို စတင်ခဲ့ပြီး ဝန်ကြီးများရုံးကို သွားရောက်လေ့လာခဲ့သည်။ ယင်းနောက်တွင် ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ နေအိမ်သို့ သွားရောက်တွေ့ဆုံဆွေးနွေးပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ နေ့လည်ပိုင်းတွင် အရပ်ဖက်လူမှုအဖွဲ့ ၁၄ဖွဲ့နှင့် တွေ့ဆုံပြီး ညနေပိုင်းတွင် အရှေ့တောင်အာရှ လူငယ်များနှင့်တွေ့ဆုံခဲ့ပြီး ၅နာရီခွဲတွင် သူ၏ ခရီးစဉ် ပြီးဆုံးခဲ့သည်။
No comments:
Post a Comment