Wednesday, November 12, 2014

ရန်ကုန်မြို့တွင်း ယာဉ်မရပ်ရ လမ်းများ ထပ်တိုးလာဦးမည်

ဇေယျာချမ်းအေး

ရန်ကုန်မြို့တွင်း ယာဉ်မရပ်ရလမ်း သတ်မှတ်ချက်ကို ယခင် ၈၂ လမ်းမှ ထပ်မံတိုးချဲ့သွားရန် ပြင်ဆင်လျက်ရှိကြောင်း ရန်ကုန်မြို့ ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးကြီး လင်းထွဋ်က မဇ္ဈိမသို့ ပြောသည်။

ထပ်မံတိုးချဲ့မည့် လမ်းပိုင်းများအနက် မရမ်းကုန်းမြို့နယ်ရှိ ဂန္ဓမာလမ်း တစ်လမ်းတည်းကိုသာ အတည်ပြုနိုင်သေးကြောင်း ၎င်းက ဆိုသည်။

“ဂန္ဓမာလမ်းကတော့သေချာတယ်။ ကျန်တဲ့လမ်းတွေကို အတည်ပြုပြီးသွားပြီ ဆိုရင်တော့ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ရဲမှူးကြီးက ပြောသည်။

လမ်းဘေးတွင်စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများကြောင့် မြို့တွင်းယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားနေခြင်းဖြစ် ပြီး လုံလောက်သော ကားရပ်နားကွင်းများကို မြို့တော်စည်ပင်က တည်ဆောက်ပေးနိုင်မှသာ ပြဿနာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ရဲမှူးကြီး လင်းထွဋ်က သုံးသပ်သည်။

ရန်ကုန်မြို့တွင်း ယာဉ်မရပ်ရ လမ်းများအဖြစ်၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလတွင် အဓိကလမ်းမကြီး ၃၇ လမ်းကိုစတင် သတ်မှတ်ခဲ့သည်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလဆန်းတွင် ဒုတိယအကြိမ် ယာဉ်မရပ်ရလမ်း ၂၀ ကို ထပ်မံသတ်မှတ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီလကုန်ပိုင်းတွင် တတိယအကြိမ် ယာဉ်မရပ်ရ ၁၀ လမ်းကို ထပ်မံသတ်မှတ်ခဲ့သည်။ ၂၀၁၄ ခုနှစ် မေလတွင် စတုတ္ထအကြိမ်အဖြစ် ယာဉ်မရပ်ရလမ်း ၁၀ လမ်းထပ်မံ သတ်မှတ်ခဲ့ပြီး ဇွန်လဆန်းတွင် ၅ လမ်း ထပ်မံတိုးချဲ့သတ်မှတ်ခဲ့သောကြောင့် စုစုပေါင်းယာဉ်မရပ်ရ လမ်းပေါင်း ၈၂ လမ်းအထိရှိခဲ့သည်။

“တာဝန်ရှိသူတွေက ကျန်တဲ့အခြေခံအဆောက်အအုံနဲ့ လိုအပ်ချက်တွေကို အကောင်းဆုံးဖြစ်အောင်လုပ် ပေးရမယ်။ စည်းကမ်းလိုက်နာရမယ့် သူတွေဘက်ကလည်း အကောင်းဆုံးဖြစ်အောင် လိုက်နာဖို့လိုပါတယ်” ဟုလည်း ရဲမှူးကြီးက ပြောသည်။

ရန်ကုန်မြို့အတွင်း သတ်မှတ်ထားသည့် ယာဉ်မရပ်ရလမ်း ၈၂ လမ်းတွင် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ရန်ကုန်-အင်းစိန်လမ်း၊ ဦးဝိစာရလမ်း၊ ဘုရင့်နောင်လမ်း၊ အထက်ကြည့်မြင်တိုင်လမ်း၊ ပါရမီ လမ်းစသည့် လမ်းမကြီးများ ပါဝင်သည်။

“ကားပါကင်တွေမလုပ်ပေးနိုင်သေးသရွေ့တော့ လမ်းဘေးယာဉ်ရပ်နားမှုတွေက တော့ရှိနေဦးမှာပါ” ဟု လည်း ရဲမှူးကြီးက ဆိုသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း ယာဉ်မရပ်ရအဖြစ် သတ်မှတ်ထားသော လမ်းမ ကြီးများတွင် အချိန်ကြာမြင့်စွာ ယာဉ်ရပ်နားထားပါက ဒဏ်ကြေးဖြင့်သော်လည်းကောင်း၊ မော်တော်ယာဉ်ကို ကရိန်းဖြင့်ဆွဲ ယူခြင်း ဖြင့်သော်လည်းကောင်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါနေရာများတွင် အချိန်ကြာမြင့်စွာ ရပ် တန့်ထားသည့်ယာဉ်များကို ၂၀၁၃ နိုဝင်ဘာလမှ စတင်ကာကရိန်းဖြင့် ဆွဲယူဆောင်ရွက်ခြင်း များပြုလုပ် ခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ နောက်ဆုံးပတ်အထိ ယာဉ်အစီးရေ ၁၃,၅၀၀ ကျော်ကို အရေးယူခဲ့ ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီထံမှ သိရသည်။

ထိုသို့လမ်းဘေးကားရပ်ခြင်း၊ ကားပါကင်လိုအပ်ချက် မြင့်မားနေခြင်းစသည့် အခြေအနေများနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၏ အကြံပေးပုဂ်္ဂိုလ် ဒေါက်တာ မောင်အောင် က “ဒါကို ဖြေရှင်းဖို့နိုင်ငံတကာမှာလို အထပ်မြင့် ပါကင်တွေဆောက်နိုင်ဖို့လိုပါတယ်” ဟု အကြံပြုသည်။

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားကွင်းများအဖြစ် မင်းရဲကျော်စွာ ယာဉ်ရပ်နားစခန်း၊ စမ်းချောင်းမြို့နယ် Myanmar Event Park ဝင်းအတွင်း ယာဉ်ရပ်နားစခန်း၊ စော်ဘွားကြီးကုန်းအဝေး ပြေးကားဝင်းဟောင်း နေရာတို့သာ ယာဉ်ပမာဏများများဆံ့သော နေရာများအဖြစ် အသုံးပြုနိုင်သေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းတံတားဌာန အင်ဂျင်နီယာချုပ် ဦးတင်မောင်ကြည်က ပြောသည်။

၂၀၁၃ နိုဝင်ဘာလကုန်ပိုင်းတွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ ဆိပ်ကမ်းသာလမ်းတွင် ၁၅ထပ် အမြင့်ရှိ ကားပါကင် တစ်ခုတည်ဆောက်ရန် မြို့တော်စည်ပင်က တင်ဒါခေါ်ယူခဲ့သည်။ ထိုအဆောက်အအုံကို စည်ပင်ပိုင် ပေ ၃၀ x ပေ ၅၀ အကျယ်ရှိမြေပေါ်တွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး ဆောက်လုပ်ပြီးစီးပါက ကားအစီးရေ တစ်ရာကျော်ရပ်နားနိုင်မည်ဟု မီဒီယာများကို အတည်ပြု ထုတ်ပြန်ခဲ့သည်။

No comments: