ဝိုင်းအောင်
မလုံခြုံသော သဘာဝအမွေ ဓာတ်ပုံပြပွဲကို ပဒေသာမိုး အရပ်ဖက်လူမှု အဖွဲ့အစည်းနှင့် မြေလတ်ဒေသတောင်သူလယ် သမားသမဂ္ဂတို့မှ နိုဝင်ဘာ ၁ရက်မှ ၃ ရက်အထိ မကွေးမြို့ ရန်မျိုးနိုင်ရပ်ကွက် ခွာညိုလမ်း(တောင်)လမ်းဆုံရှိ ဦးအောင်ကျော်ကျော်၏ အိမ်တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြသလျက်ရှိသည်။
အဆိုပါဓာတ်ပုံပြပွဲတွင် ဖော်ပြထားသော ဓာတ်ပုံများမှာ မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၏ ဓာတ်ပုံမှတ်တမ်းများဖြစ်သည်။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ္မတူမြို့နယ် ဝန်းကျင်များမှ ဓာတ်ပုံများကို ဖော်ပြထားသည်။
ဓာတ်ပုံပြပွဲရည်ရွယ်ချက်သည် တရုတ်နိုင်ငံသို့ ရေနံပို့လွှတ်ရန် မြန်မာနိုင်ငံကို ကန့်လန့်ဖြတ် သွယ်တန်းထားသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ပြည်နယ်နှစ်ခု၊ တိုင်းနှစ်ခုကို ဖြတ်သန်းမှု အပြင် တရုတ်နိုင်ငံက လာရောက်လုပ်ကိုင်သည့် ဧရာဝတီမြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စသည့် စီမံကိန်းများက မြန်မာ့ရေမြေ၊ တောတောင်၊ ယဉ်ကျေးမှုများကို စီခိုက်နိုင်ကြောင်း ပြည်သူများသိရှိစေရန် ပြသခြင်းဖြစ်သည်ဟု တောင်သူ လယ်သမားသမဂ္ဂ(မြေလတ်ဒေသ) အတွင်းရေးမှူး ဦးဇော်မင်းနိုင်က မဇ္ဈိမကို ပြောသည်။
ယင်းဓာတ်ပုံပြပွဲ၌ ဓာတ်ပုံပညာရှင် ဦးစိုးဝင်းငြိမ်းက ဒေသခံများကို ဓာတ်ပုံပညာ သင်တန်းပေးပြီး ဒေသခံများပြည်သူများ၏ မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအပေါ် ရှုမြင်ခံစားပုံများကို ဖော်ပြထားသည့် ဓာတ်ပုံပေါင်း ၉၈ ပုံ ပါဝင်သည်။
No comments:
Post a Comment