Thursday, November 13, 2014

မြန်မာပြောင်းလဲမှုမှာ နောက်ဆုတ်မှုတွေရှိ

ABC

ဧရာဝတီသတင်းဌာနနဲ့ ​အင်တာဗျူးမှာ ​အမေရိကန် ​သမ္မတက ​မြန်မာနိုင်ငံမှာ ​ပြုပြင်ပြောင်းလဲမှုတွေ ​ဖြစ်ပေါ်ခဲ့ပေမယ့် ​မျှော်လင့်ထားသလောက် ​မြန်ဆန်မှုမရှိသလို ​တချို့ ​ကဏ္ဍမှာ ​တိုးတက်မှုတွေ ​ရပ်တန့်သွားပြီး ​တချို့ကဏ္ဍတွေမှာတော့ ​နောက်ကိုတောင် ​ပြန်ဆုတ်နေတယ်လို့ ​အမေရိကန် ​သမ္မတ ​ဘာရက်အိုဘားမားက ​ပြောပါတယ်။

စာနယ်ဇင်း ​လွတ်လပ်ခွင့်တွေမှာ ​ကန့်သတ်မှုတွေ ​တွေ့နေရသလို ​အခြေခံလူ့အခွင့်အရေး ​ချိုးဖောက်မှုတွေရှိနေပြီး ​တိုင်းရင်းသားဒေသတွေမှာ ​တရားမဝင် ​သတ်ဖြတ်မှုတွေ၊ ​အတင်းအဓမ္မ ​ပြုကျင့်မှုတွေနဲ့ ​ခိုင်းစေမှုတွေ ​ရှိနေတုန်းပဲလို့လည်း ​ပြောသွားခဲ့ပါတယ်။

နိုင်ငံရေး ​အကျဉ်းသားတွေ ​လွတ်ပေးတာတွေ ​ရှိပေမယ့် ​လွတ်မြောက်လာသူတွေအပေါ် ​ကန့်သတ်ချုပ်ချယ်မှု ​လုပ်တာတွေအပြင် ​သတင်းသမားတွေ ​အဖမ်းခံရတာတွေနဲ့ ​ကိုပါကြီး ​ခေါ် ​အောင်ကျော်နိုင် ​အဓိပ္ပာယ်မဲ့ ​သေဆုံးရတာတွေ ​ရှိနေဆဲပဲလို့လည်း ​ပြောသွားခဲ့ပါတယ်။

ရိုဟင်ဂျာအရေးနဲ့ ​မွတ်စလင်တွေအပေါ် ​ခွဲခြားဆက်ဆံမှုတွေလည်း ​ရှိနေတဲ့အတွက် ​မြန်မာအစိုးရအနေနဲ့ ​အားလုံး ​ကောင်းမွန်စွာ ​နေထိုင်နိုင်အောင် ​လုပ်ဆောင်ပေးဖို့ ​အရေးကြီးတယ်လို့ ​ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ​ရွေးကောက်ပွဲက ​တရားမျှတ ​လွတ်လပ်မှု ​ရှိမယ်လို့ ​ယုံကြည်ပါသလားလို့ ​မေးရာမှာတော့ ​သမ္မတ ​အိုဘားမားက ​မဖြစ်သေးတဲ့ ​အကြောင်းအရာတစ်ခု ​အပေါ် ​ခန့်မှန်းမပြောလိုပေမယ့် ​မြန်မာနိုင်ငံရဲ့ ​ရွေးကောက်ပွဲကို ​အမေရိကန်က ​အနီးကပ် ​စောင့်ကြည့်နေတယ်လို့ ​ပြောပါတယ်။

ရွေးကောက်ပွဲမှာ ​ဒီမိုကရေစီအတွက် ​အရေးကြီးပေမယ့် ​ရွေးကောက်ပွဲရှိတာနဲ့ ​ဒီမိုကရေစီ ​ရှိပြီလို့ ​မဆိုနိုင်ကြောင်း ​ပြောပါတယ်။

ရွေးကောက်ပွဲဟာ ​မြန်မာပြည်သူတွေရဲ့ ​အနာဂတ်နဲ့ဆိုင်တဲ့အတွက် ​မြန်မာပြည်သူတွေကသာ ​ကိုယ့်အနာဂတ်ကို ​ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး ​အမေရိကန်က ​ဆုံးဖြတ်ပေးရမှာ ​မဟုတ်ဘူးလို့ ​ပြောပါတယ်။

သမ္မတ ​အိုဘားမားဟာ ​မနက်ဖြန်ကျရင် ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​တွေ့ဆုံမှာ ​ဖြစ်တဲ့အတွက် ​အဲဒီ ​တွေ့ဆုံမှုအတွင်း ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေပြောင်းလဲရေးအပေါ် ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​အမြင်တွေကို ​သိလိုတယ်လို့ ​ဆိုပါတယ်။

ဒါ့အပြင် ​လာမယ့်နှစ်မှာ ​ကျင်းပမယ့် ​ရွေးကောက်ပွဲနဲ့ ​ပတ်သက်တဲ့ ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​အမြင်တွေအပြင် ​ဒီရွေးကောက်ပွဲဟာ ​စစ်မှန်တဲ့ ​ရွေးကောက်ပွဲ၊ ​ပွင့်လင်းမြင်သာတဲ့ ​ရွေးကောက်ပွဲနဲ့ ​အားလုံးပါဝင်နိုင်တဲ့ ​ရွေးကောက်ပွဲ ​ဖြစ်အောင် ​နိုင်ငံတကာအနေနဲ့ ​ဘယ်လို ​အကူအညီ ​ပေးနိုင်မလဲ ​ဆိုတဲ့အကြောင်းတွေကို ​ဒေါ်အောင်ဆန်းစုကြည်ကို ​မေးမြန်းသွားမယ်လို့ ​ဧရာဝတီသတင်းဌာနကို ​ပြောကြားခဲ့ပါတယ်။

No comments: