Sunday, November 2, 2014

ရန်ကုန်ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရန် အလိုအလျောက် ယာဉ်ကြောထိန်းစနစ်များ ဆောက်မည်

ခင်မြတ်မြတ်ဝေ

ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းရန် ရန်ကုန်မြို့၏ ယာဉ်လမ်းကြော ပိတ်ဆို့မှု အဆိုးဆုံးနေရာတစ်ခုဖြစ်သည့် ပါရမီ ချော်တွင်းကုန် မီးပွိုင့် နှင့် ဆက်စပ်သည့် နေရာ ၁၀ခု၌ အလိုအလျောက် ယာဉ်ကြော ထိန်းသိမ်းရေးစနစ်ကို ၁လအတွင်း အပြီးဆောင်ရွက်မည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတာဌာန ဌာနမှူး ဦးတင်မောင်ကြည်က မဇ္ဈိမကို ပြောသည်။

"တပ်ဆင်တာတွေကတော့ စနေပြီ။ မီးပွိုင့်ဆင်မယ့် ပစ္စည်းတွေက ရန်ကုန်ဆိပ်ကမ်းရောက်နေပြီ။ တစ်လအတွင်း ပြီးနိုင်တယ်။ ပြီးအောင် ကျွန်တော်တို့ဘက်က အင်တိုက်အားတိုက်ဆောင်ရွက်နေတယ်"ဟု ယင်းကဆိုသည်။

ယင်းစနစ်ဖြင့် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် ရှစ်မိုင်တွင် အသုံးပြုခဲ့ရာ အောင်မြင်သည်ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် ကဆိုသည်။

Traffic Control Center (ယာဉ်ကြောပိတ်ဆို့မှု ထိန်းချုပ်သည့် စင်တာ)ကို မီတာ ၁၀၀အတွင်း ထားရှိပြီး CCTV ဖြင့် ထိန်းချုပ်ကာ ယာဉ်အရေအတွက်ကို စောင့်ကြည့်မည်ဟု ဝန်ကြီးက ဆိုသည်။ ယင်းစနစ်ကို ချော်တွင်းကုန်း မီးပွိုင့်ကို ဗဟိုပြု၍ ဆက်စပ်နေရာ ၁၀ခုကို နိုဝင်ဘာလအတွင်းအပြီး တပ်ဆင်သွားမည်ဟု ဆိုသည်။

ယင်းအပြင် တာမွေတွင် ၃နေရာနှင့် ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့သည့် နေရာ ၅၁ခု၌ ယင်းစနစ်ကို တပ်ဆင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူ ဆောင်ရွက်သွားဖြစ်ပြီး အလိုအလျောက်ထိန်းချုပ်ရေးစင်တာ ၇၅ခုကို တည်ဆောက်မည်ဖြစ်သည်။ ယင်းအတွက် ကုန်ကျစရိတ်မှာ မြန်မာငွေ ကျပ်ဘီလီယံ ၂၀ခန့် ကုန်ကျမည်ဟု လမ်းတံတားဌာနမှူး ဦးတင်မောင်ကြည်က ဆိုသည်။

No comments: