Wednesday, November 12, 2014

အာဆီယံနှင့် ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များ၏ ဆွေးနွေးမှုနှင့် ရလဒ်များ လူထုအပေါ်သက်ရောက်မှု အစိုးရများ၏ ရပ်တည်ချက်သာ အရေးကြီး

ဇေယျာချမ်းအေး

စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ကမ္ဘာ့အရေးပါ ဒေသဖြစ်လာမည်ဟုဆိုသည့် အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံဒေသ၏ ထိပ်သီးစည်းဝေးပွဲနှင့် ဆက်စပ်ထိပ်သီး စည်းဝေးပွဲများတွင် ခေါင်းဆောင်များ၏ ဆွေးနွေးမှုများသည် လူထုအပေါ် သက်ရောက်နိုင်မည် လားဟု မေးခွန်းကို လူ့အခွင့်အရေးသမားများနှင့် ပြည်သူ့ဖိုရမ် ဆောင်ရွက်သူများက ဆုတ်ဆုတ်ဆိုင်းဆိုင်း သုံးသပ်ကြပြီး အစိုးရရပ်တည်ချက်သာ အရေးကြီးကြောင်း ပြောဆိုကြသည်။

"တိုင်းပြည်နဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ပြပြီးတော့ ဘယ်လို ပူးပေါင်း ဆောင်ရွက်နိုင်မလဲ ဆိုတဲ့ ဆွေးနွေးချက်တွေ ရှိလာပါလိမ့်မယ်" ဟု မြန်မာ့လူ့အခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူ Equality Myanmar ထူထောင်သူ ဦးအောင်မျိုးမင်းက သုံးသပ်သည်။

၂၅ ကြိမ်မြောက် နေပြည်တော် အာဆီယံထိပ်သီးစည်းဝေးပွဲနှင့် ဆက်စပ်ထိပ်သီးစည်းဝေးပွဲများတွင် အမေရိကန်သမ္မတအိုဘားမား အပါအ၀င် ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များပါ တက်ရောက်ဆွေးနွေးမည် ဖြစ်သောကြောင့် ယခင်ကဲ့သို့ ဒေသတွင်းအမြင်သာမကဘဲ ပြင်ပကမ္ဘာ၏ အာဆီယံအပေါ်အမြင်များကိုပါ ရရှိနိုင်မည်ဖြစ်ရာ မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူး ပိုမိုနိုင်သည်ဟု ၎င်းက ပြောသည်။

အာဆီယံနိုင်ငံများနှင့်နှိုင်းယှဉ်ပါက မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံမှု နည်းပါးကာ ပြည်သူများကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မှု နည်းပါနေသောကြောင့် ဆင်းရဲမှုနှုန်း မြင့်မားနေရခြင်းဖြစ်သည်ဟု မြန်မာလူထုဖိုရမ် ကျင်းပစဉ်က အလုပ်အမှုဆောင်အဖွဲ့ ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူ ဦးကျော်လင်းဦးက ပြောသည်။

မြန်မာစစ်အစိုးရသည် ၂၀၀၆ က နေပြည်တော်သို့ ပြောင်းရွှေ့ အခြေစိုက်ခဲ့ပြီး အုပ်ချုပ်ရေးမြို့တော်အသွင် ပြောင်းခဲ့သည်။ ၁၉၉၇ တွင် အာဆီယံအဖွဲ့ဝင် ဖြစ်လာသည့် မြန်မာသည် ၁၇ နှစ်အကြာ ယခုနှစ် ၂၀၁၄ အာဆီယံ ထိပ်သီးစည်းဝေးပွဲများ ကျင်းပသည့်အခါ လူထုနှင့် ဝေးနေသည့် သီးသန့်တစ်နေရာတွင် ကမ္ဘာ့ခေါင်းဆောင်များ ဆုံကြသလို ဖြစ်နေသည်။

ဒေသတွင်းနှင့် ကမ္ဘာ့ခေါင်းဆောင်များ၏ နေပြည်တော်ထိပ်သီးဆွေးနွေးမှုများနှင့် နေပြည်တော်ထုတ်ပြန်ချက်တို့သည် ၂၀၁၅ အလွန် ၂၀၁၆ နှစ်ဆန်းမှ စတင်မည့် အာဆီယံအသိုင်းအ၀န်းမှ ဒေသတွင်းလူထုအပေါ် မည်သို့သက်ရောက်နိုင်မည်နည်းမှာ ပြည်သူများအတွက် စိတ်ဝင်စားဖွယ်ရာဖြစ်သည်။

"အစိုးရအနေနဲ့ ဒါကိုအမှန်အတိုင်းလက်ခံပြီးတော့ အကောင်းဆုံး ပြုပြင်ပြောင်းလဲချင်တဲ့ စိတ်ထားမျိုးရှိတယ် ဆိုရင်တော့ သူတို့အတွက် အခွင့်အလမ်း ဖြစ်ပါလိမ့်မယ်။ အဲဒီလိုဆိုရင် ပြည်သူ့အတွက် ဘာကြောင့် အကျိုးမဖြစ်ထွန်းရမှာလဲ" ဟု ဦးအောင်မျိုးမင်းက လူထုအပေါ် သက်ရောက်မှုအပေါ် မေးခွန်းထုတ်ရင်း သုံးသပ်သည်။

"ဒါပေမယ့် အဲဒီအပေါ်မှာ လူထုကဆုံးဖြတ်လို့မရဘဲ အစိုးရကသာ ဆုံးဖြတ်နိုင်တာ ဖြစ်ပါတယ်" ဟု ၎င်းက ဖြည့်စွက်သည်။

အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့်အတူ ကျင်းပသော အရှေ့အာရှထိပ်သီးအစည်းအဝေးများသို့ အမေရိကန်သမ္မတ၊ တောင်ကိုးရီးယားသမ္မတ၊ ဂျပန်ဝန်ကြီးချုပ်၊ တရုတ်ဝန်ကြီးချုပ်၊ ရုရှားဝန်ကြီးချုပ် စသော ကမ္ဘာ့ထိပ်သီးခေါင်းဆောင် များတက်ရောက်ကြမည်ဖြစ်သည်။ အာဆီယံနှင့် ကုလသမဂ္ဂထိပ်သီးအစည်းအဝေးသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တက်ရောက်မည်ဖြစ်သည်။

အာဆီယံနိုင်ငံများအတွင်း ဖွံ့ဖြိုးမှုကွာဟချက်ကို လျော့နည်းစေရန် တရုတ်အစိုးရက ပံ့ပိုးလိုကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ၀န်ကြီးချုပ်က ပြောသည်ဟု ရန်ကုန်အခြေစိုက် တရုတ်သံရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဆီယံဒေသတွင်းတွင်မှ နယ်မြေပိုင်ဆိုင်မှုအရ ဒုတိယအကြီးဆုံးဖြစ်ပြီး မဟာဗျူဟာကျသော မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ထွန်းကား ရရှိရေးအတွက် အမေရိကန်သမ္မတ အိုဘားမားက မြန်မာပြည်သို့ မလာမီ ၁၂ ရက် ကြိုတင်၍ အောက်တိုဘာ ၃၀ တွင် သမ္မတဦးသိန်းစိန်နှင့် တယ်လီဖုန်း ဆက်သွယ် ဆွေးနွေးပြီး တိုက်တွန်းထားသည်။

No comments: