Sunday, November 16, 2014

အာဆီယံ အစည်းအဝေးပြီးဆုံး

ABC

မြန်မာနိုင်ငံမှာ ​ကျင်းပတဲ့ ​အာဆီယံ ​အစည်းအဝေးနဲ့ ​တခြား ​ဆက်စပ် ​အစည်းအဝေးတွေ ​ပြီးဆုံးသွားပြီ ​ဖြစ်ပါတယ်။

နှစ်ရက်ကြာ ​ကျင်းပတဲ့ ​အစည်းအဝေးအတွင်း ​အီဘိုလာ ​ရောဂါအကြောင်း၊ ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့အကြောင်းနဲ့ ​တောင်တရုတ်ပင်လယ် ​ပိုင်ဆိုင်မှုအကြောင်းတွေ ​ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ​လာမယ့်နှစ် ​အာဆီယံ ​အစည်းအဝေးကို ​မလေးရှားနိုင်ငံက ​အိမ်ရှင်အဖြစ် ​လက်ခံ ​ကျင်းပဖို့ရှိတဲ့အတွက် ​သမ္မတ ​ဦးသိန်းစိန်က ​မလေးရှားဝန်ကြီးချုပ် ​Najib ​Razak ​ကို ​ဥက္ကဌရာထူး ​လွဲအပ်လိုက်ပြီ ​ဖြစ်ပါတယ်။


ကန်အစိုးရက ​မြန်မာပြုပြင်ပြောင်းလဲမှုအပေါ် ​အကောင်းမြင်

အမေရိကန် ​သမ္မတ ​ဘာရက်အိုဘားမားက ​သမ္မတ ​ဦးသိန်းစိန်နဲ့ ​တွေ့ဆုံမှုအတွင်း ​မြန်မာနိုင်ငံရဲ့ ​ဒီမိုကရေစီဆီကို ​ဦးတည်နေတဲ့ ​လမ်းစဉ်က ​မှန်ကန်တယ်လို့ ​ပြောဆိုပြီး ​အကောင်းမြင်ကြောင်း ​ပြောသွားခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲမှု ​လုပ်တယ်ဆိုတာ ​ခက်ခဲပြီး ​အမြဲတမ်း ​မချောမွေ့နိုင်ဘူးဆိုတာကိုလည်း ​သိတယ်လို့ ​ပြောပါတယ်။

ဒါပေမဲ့လည်း ​လူနည်းစုတွေအပေါ် ​ထားရှိတဲ့ ​ဆက်ဆံရေး၊ ​တိုင်းရင်းသား ​ပြဿနာတွေနဲ့ ​စာနယ်ဇင်းလွတ်လပ်ခွင့်မှာတော့ ​စိုးရိမ်နေဆဲပဲလို့ ​ပြောပါတယ်။

ဒါ့အပြင် ​သမ္မတ ​အိုဘားမားဟာ ​မြန်မာ ​လွှတ်တော်အမတ်တွေနဲ့လည်း ​တွေ့ဆုံခဲ့ပြီး ​နိုင်ငံရေးမှာ ​စစ်တပ်က ​ပါဝင်နေတာကို ​လျှော့ချဖို့နဲ့ ​ငြိမ်းချမ်းရေးတွေ ​ရရှိဖို့က ​အရေးကြီးကြောင်း ​ပြောသွားခဲ့ပါတယ်။

ဒီကနေ့မှာတော့ ​အမေရိကန် ​သမ္မတဟာ ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​တွေ့ဆုံဖို့ ​ရှိပါတယ်။


ဂျပန်နဲ့ ​ကန်တို့ ​မြန်မာ ​အလုပ်သမား ​ဥပဒေမှာ ​ကူညီမယ်

ဂျပန်နဲ့ ​အမေရိကန်တို့ ​ပူးပေါင်းပြီး ​မြန်မာနိုင်ငံရဲ့ ​အလုပ်သမား ​ဥပဒေမှာ ​တိုးတက်မှုတွေရှိအောင် ​လုပ်ဆောင်ပေးမယ်လို့ ​သိရပါတယ်။

နိုင်ငံတကာ ​အလုပ်သမားအဖွဲ့အစည်း ​ILO ​ရဲ့ ​အကူအညီနဲ့ ​အမေရိကန်၊ ​ဂျပန်တို့က ​အကူအညီပေးသွားဖို့ရှိပြီး ​နိုင်ငံခြား ​ရင်းနှီးမြုပ်နှံမှုတွေ ​လွယ်ကူအောင် ​အလုပ်သမား ​ဥပဒေကို ​သုံးနှစ်ကနေ ​ငါးနှစ်အတွင်း ​ရေးဆွဲကြမှာ ​ဖြစ်ပါတယ်။

ဒီစီမံကိန်းကို ​ဒိန်းမတ်နဲ့ ​တခြား ​ဥရောပနိုင်ငံတွေကလည်း ​ကူညီဖို့ ​ကမ်းလှမ်းထားပြီး ​ဒီအလုပ်သမား ​ဥပဒေ ​ထွက်ပေါ်လာရင် ​အလုပ်ရှင်နဲ့ ​အလုပ်သမားအကြား ​ပြဿနာတွေ ​နည်းပါးပြီး ​အလုပ်သမား ​အခွင့်အရေးတွေ ​ရရှိလာလိမ့်မယ်လို့ ​ယုံကြည်ကြတာ ​ဖြစ်ပါတယ်။

No comments: