ဉာဏ်လှိုင်လင်း၊ မင်းဟိန်းထက်
၁၈၇ မိုင်အထိ ခရီးနှင်ရမည့် ဈာပနအခမ်း အနားတစ်ခုသို့ ကွေ့ကောက်၊ မတ်စောက်သည့် လမ်းများအတိုင်း တရွေ့ရွေ့နှင်နေသည်။ အရပ်ဘက် အဖွဲ့အစည်းတို့က အလွတ်သတင်းထောက်၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူအဖြစ် သတ်မှတ်သူ၊ တပ်မတော်က 'ရန်သူ' ဟု သုံးနှုန်းဖော်ပြ သတင်းထုတ်ပြန်သူ ကိုပါကြီး၏ နိုဝင်ဘာ ၆ ရက် မော်လမြိုင်-ရန်ကုန် ဈာပနခရီးပင်။
"အာမခံ တစ်စုံတစ်ရာမရှိဘဲ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ သယ်လာရတယ်။ အရေးရယ် အကြောင်းရယ်ဆို ချက်ချင်းလိုက်ဖို့ ညမအိပ်၊ နေ့မအိပ် စောင့်နေရတာ" ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ပြောသည်။
ဟုတ်သည်။ ဖမ်းဆီးထားရာမှ သေနတ်လု ထွက်ပြေး၍ ပစ်သတ်လိုက်ရသည်ဟု တပ်မတော်ကပြောသော ကိုပါကြီး၏ ရုပ်အလောင်း ရန်ကုန်သို့ သယ်ဆောင်သင်္ဂြိုဟ်မည့် အစီအစဉ်မှာ ချောမွေ့ခဲ့သည်မဟုတ်။ တပ်မတော်က မြှုပ်နှံ ထားသော ကိုပါကြီးအလောင်းကို ပြန်ဖော်စစ်ဆေးခွင့် ရရန်ပင် လွယ်ကူခဲ့ခြင်းမရှိ။
နိုဝင်ဘာ ၅ ရက်နောက်ပိုင်း အလောင်းပြန်ဖော်စစ်ဆေးခွင့် ရပြီးသော်လည်း မိသားစုဝင်နှင့် ကိုပါကြီးအရေး စိတ်ပူသူ တို့ ရတက်မအေးခဲ့ရပေ။ "အလောင်းဖော်တဲ့ နေ့မှာ ထုတ်တဲ့ ၂၄ နာရီအတွင်း သင်္ဂြိုလ်ရန်ဆိုတဲ့ စာကို မော်လမြိုင် စည်ပင်က နိုဝင်ဘာ ၆ ရက် ည ၉ နာရီခွဲမှ လာပေးတယ်" ဟု ကိုပါကြီး၏ ဇနီးသည် မသန္တာက ပြောသည်။
သက်မဲ့ ပစ္စည်းသယ်ယူရေး ပညတ်ချက်မရှိ
အလောင်းပြန်သယ်ခွင့်မပြု ဟူသော ခြိမ်းခြောက်မှုတို့ ကြုံတွေ့ခဲ့ရပြီး တားမြစ်သူတို့မှာ သံဃာအချို့ဟု ကိုပါကြီး၏ ဇနီးကို လိုက်ပါကူညီနေသူ ဒေါ်နော်အုန်းလှက ဆိုသည်။ နိုဝင်ဘာ ၅ ရက် အလောင်းဖော်ပြီးချိန် မော်လမြိုင်မြို့တွင် တစ်ကြိမ်၊ ပြန်သယ်လာသည့် မော်လမြိုင်-ရန်ကုန်ခရီး စစ်တောင်းတံတားအဆင်း လမ်းဖြတ်သန်းခ ကောက်ခံရာနေရာ တွင် တစ်ကြိမ် ကြုံရခြင်း ဖြစ်သည်။
"ဘာသာရေးအရလို့ တားတယ်လို့ ဆိုကြတယ်။ ဘုရားဟောမှာ ဒီလိုမျိုးပါ တယ်ဆိုရင် ဘုန်းကြီးနဲ့ မျက်နှာချင်းဆိုင် လာရှင်း လှည့်၊ ရဟန်း၊ သံဃာဆိုတာ အသုဘမှာ သရဏဂုံတင်ပေးပို့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ဘုရားက သက်မဲ့ပစ္စည်း ဟိုဒီမသယ်ရဆိုပြီး ဟောခဲ့တာ ဘယ်ကျမ်းမှာမှ မရှိဘူး" ဟု ရွှေညဝါ ဆရာတော် ဦးပညာသီဟက မိန့်သည်။
ထိုသို့ ဟန့်တားမှုများရှိသော်လည်း ဈာပနခရီး၏ အဆုံးသတ်လားရာ ရန်ကုန်မြို့ ရေဝေးသုသာန်သို့ ၆ နာရီခန့် အချိန်အတွင်း ရောက်ရှိနိုင်ခဲ့ကြသည်။
သတင်းထောက် ဟုတ်ဟုတ် မဟုတ်ဟုတ်
ကိုပါကြီးသေဆုံးမှုဖြစ်စဉ်သည် မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမမှုရှိခြင်း၏ သက်သေပင်ဖြစ်သည်ဟု Equallity Myanmar အဖွဲ့ဒါရိုက်တာ ဦးအောင်မျိုးမင်း က သုံးသပ်သည်။ "ဥပဒေကြောင်းအရ ဒီဖြစ်စဉ်မှာ အပြစ်ရှိသူတွေကို အပြစ်ပေးဖို့လိုတယ်" ဟု ၎င်းက ပြောသည်။
တပ်မတော်၏ အောက်တိုဘာလအတွင်း နှစ်ကြိမ်တိုင် သတင်းထုတ်ပြန်မှုအတွင်း သေနတ်လု၍ ပစ်ခတ်ရခြင်း၊ ကိုပါကြီး အလွတ်သတင်းထောက် မဟုတ်၊ လက်နက်ကိုင်တပ်ဖွဲ့ဝင် ဟူသော အချက်နှစ်ချက် အစဉ်တစိုက်ပါဝင်သည်။ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကမူ ကိုပါကြီး သေဆုံးမှုအပေါ် အရေးယူ ကိုင်တွယ်ရာတွင် သတင်းထောက် ဟုတ်မဟုတ်သည် အခရာမကျဆိုသည်။
"တည်ဆဲ ပြစ်မှုဆိုင်ရာဥပဒေတွေမှာ ကြည့်ပါ၊ ရဲဖြစ်ဖြစ်၊ စစ်တပ်ဖြစ်ဖြစ် စစ်ဆေးခံရသူကို ညှဉ်းပန်းနှိပ်စက်ခွင့်ပေး မထားဘူး။ တင်းထောက်မဟုတ်ဘဲ လက်နက်ကိုင်ဆိုရင်လည်း စစ်သုံ့ပန်းဆိုင်ရာ ဂျနီဗာ သဘောတူစာချုပ်အရ ခွင့်ပြုမထားဘူး" ဟု ၎င်းက ပြောသည်။
ဥပဒေစိုးမိုးရေးနှင့် တပ်မတော်
သုံးသပ်သူအချို့ တညီတညွတ်တည်းပြောသည်က ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့၏ အခန်းကဏ္ဍ မှေးမှိန်နေရခြင်းသည် ဥပဒေ စိုးမိုးရေးနှင့် တပ်မတော် မည်သူအထက်က ရှိနေသနည်းဆိုသောမေးခွန်းပင်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ပင် တပ်မတော်ကကျူးလွန်သော ပြစ်မှုများကို စစ်ဘက်ဆိုင်ရာ တရားရုံးကသာ စီရင်ခွင့်ရသည့် ပြဋ္ဌာန်းချက်များ ပါဝင်ပြီး ဖြစ်သည်။
"ဒီနေ့လို အခြေအနေမှာ အရပ်ဘက် တရားရုံးတောင်မှ တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်ပါ့မလား လို့ ရေးရေးလေး မျှော်လင့်နေရတာ" ဟု ဦးသိန်းသန်းဦးက ပြောသည်။
၎င်းက အများပြည်သူရှေ့မှောက် မဟုတ်သည့် စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးအပေါ် ယုံနိုင်မှုကိုလည်း မေးခွန်းထုတ် သည်။
ကိုပါကြီးကိစ္စတွင် ဗိုလ်မှူးကြီးအဆင့်ရှိ တပ်မတော်အရာရှိတစ်ဦး ဦးဆောင်၍ စုံစမ်းနေသည်၊ အလောင်းပြန်ဖော်၍ ရဲလက်အပ်ကာ မှုခင်းဆိုင်ရာ ဆေးစစ်ချက် ရယူသည်၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကလည်း သမ္မတ၏ ညွှန်ကြားချက်ဖြင့် စုံစမ်းစစ်ဆေးနေသည် စသဖြင့် သတင်းထုတ်ပြန်ထားသည်။
သို့သော် မေးစေ့ကို အနီးကပ် ပစ်ထားသည်ဆိုသော သေနတ်ဒဏ်ရာအပါအဝင် စုစုပေါင်း ငါးချက် မည်သည့် အတွက်ကြောင့် ဖြစ်ရသည်ကို ဆေးဘက်ဆိုင်ရာမှုခင်း ကျွမ်းကျင်၊ လူ့အခွင့်အရေးကော်မရှင်တို့ ထုတ်ပြန် ရှင်းလင်းခြင်း မရှိသေး။
ယင်းသည် တပ်မတော်အပါအဝင် နိုင်ငံကို အုပ်ချုပ်နေသည့် အဖွဲ့အစည်းအသီးသီး၌ အမူအကျင့်၊ စိတ်ဓာတ်၊ ခံယူချက်တို့ များစွာပြောင်းလဲရန် လိုနေသေးခြင်း၏ သက်သေဖြစ်သည်ဟု ဦးဂျင်မီက ပြောသည်။
"ကိုပါကြီးလို လူမသိသူမသိ သေသွားတာ ဘယ်နှယောက်ရှိပြီလဲ မပြောနိုင်ဘူး" ဟု ၎င်းက ဆိုသည်။
တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကမူ ကိုပါကြီးဖြစ်စဉ်သည် တိုင်းပြည်၏ တရားဥပဒေစိုးမိုးရေးကို မီးမောင်း ထိုးပြသည့် အခြေအနေဟု ပြောသည်။

No comments:
Post a Comment