Sunday, November 16, 2014

"ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်"

ဟိန်းကိုစိုး

လက်ခုပ်တီး အားပေးခြင်းခံရတဲ့ အမေရိကန် သမ္မတနှင့် လူငယ်တွေ့ဆုံပွဲ

အမေရိကန် သမ္မတ ဘားရက် အိုဘားမားက လူငယ်များ အနာဂတ် ဖွံ့ဖြိုးရေး၊ ဦးဆောင်နိုင်ရေးအတွက် အမေရိကန်က ကူညီမည်ဟု ဆိုခဲ့ပြီး "ငုတ်မိသဲတိုင် တက်နိုင် ဖျားရောက်" ဆိုသည့် မြန်မာစကားပုံကို ခိုင်းနှိုင်း သုံးစွဲခဲ့သည့်အတွက် တက်ရောက်လာသည့် လူငယ်များက လက်ခုပ်တီး အားပေးခဲ့ကြသည်။

အိုဘားမား၏ ဒုတိယ အကြိမ်မြောက် မြန်မာနိုင်ငံသို့ ခရီးစဉ်အတွင်း နိုဝင်ဘာ ၁၄ ရက်တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ပြုလုပ် သည့် အရှေ့တောင် အာရှ လူငယ် ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကမ္ဘာအင်အားကြီးနိုင်ငံခေါင်းဆောင် တစ်ဦးဖြစ်သည့် အိုဘားမားက ၎င်း၏ ရန်ကုန် ခရီးစဉ်အတွင်း အရှေ့တောင် အာရှနိုင်ငံများရှိ လူငယ် ၃၀၀ နီးပါး အဓိကအားဖြင့် မြန်မာလူငယ်အများစုကို ဖိတ်ကြားပြီး တွေ့ဆုံခဲ့ခြင်းဖြစ်သည်။


မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး နောက်ပြန်လှည့်မှုများပင် ရှိနေ

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှ တစ်ချို့နေရာများသည် နောက်သို့ ပြန်လည် ဦးတည်နေမှုများကို တွေ့ရှိရပြီး အပြောင်းအလဲများက မြန်သင့်သလောက် မမြန်ခဲ့ဟု အိုဘားမားက ပြောသည်။

"လွှတ်တော်တွေ ပေါ်လာတယ်။ နိုင်ကျဉ်းတွေလွှတ်တယ်။ ဒါပေမယ့် မြန်သင့်သလောက်မမြန်ပဲ။ သတင်းထောက်တွေ၊ လူနည်းစုတွေ ဖိနှိပ်ခံနေရတုန်းပဲ။ ရခိုင်ပြည်နယ်က လူနည်းစုတွေ ဖိနှိပ်ခံနေရတုန်းပဲ"ဟု အိုဘားမားက ဆိုသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကူညီရန် အမေရိကန် ငြိမ်းချမ်းရေး တပ်ဖွဲ့များ မြန်မာနိုင်ငံကို လာရောက်ရေး ခေါင်းဆောင်များ သဘောတူညီခဲ့ပြီး အပြန်အလှန် အကူအညီများကို အစိုးရချင်းသာမက အခြားအင်အားစုများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောသည်။

မြန်မာနိုင်ငံရေးတွင် ယုံကြည်မှုကို အချိန်ယူတည်ဆောက်ရန် လိုအပ်သော်လည်း ပြီးခဲ့သည့်အပေါ် နောက်ပြန် လှည့်မကြည့်ပဲ ဒီမိုကရေစီပြည့်ဝသည့် တိုင်းပြည်ဖြစ်ရေး အားလုံး ပူးပေါင်းဆောင်ရွက်ရန်၊ မိမိတို့အခွင့်အရေး များရရှိရေးနှင့် အခွင့်အရေးအတွက် လိုအပ်ပါက တိုက်ယူရမည်ဟုလည်း အိုဘားမားက သတိပေးခဲ့သည်။

မြန်မာနိုင်ငံတွင်း ဒီမိုကရေစီလမ်းကြောင်း ပွင့်လင်းမှသာ နိုင်ငံတိုးတက်မှုများ ဆောင်ရွက်နိုင်မည့်အတွက် ၂၀၁၅ ရွေးကောက်ပွဲကိုလည်း မရွေ့ဆိုင်းရေးအပြင် ဖွဲ့စည်းပုံကိုလည်း ပြင်ဆင်ရမည်ဟုလည်း ဆိုခဲ့သည်။

ထိုမှတစ်ဆင့် အရပ်သားအစိုးရလုံးလုံးဖြစ်ပေါ်လာကာ ဥပဒေများ ပြုပြင်ခြင်း၊ လွတ်လပ်စွာ စည်းရုံးခွင့်များ၊ လွတ်လပ်စွာပြောဆိုခွင့်၊ အခြေခံအဆောက်အဦးများ ကောင်းမွန်မှုမှတစ်ဆင့်၊ ဒီမိုကရေစီ ဖြစ်စဉ်ခိုင်မာစွာ ရပ်တည်နိုင်ရေးကို ဆောင်ရွက်ကြရမည်ဟု အိုဘားမားက ဆိုသည်။


လူငယ်တွေ တိုးတက်ဖို့ အိုဘားမား သတင်းစကား

"ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်" ဆိုတဲ့ အတိုင်း လူငယ်တွေကို အထက်ထိရောက်အောင် ကူညီပေးမယ် လို့လဲ အမေရိကန်သမ္မတဆိုခဲ့ပါတယ်။

ယင်းအတွက် အစိုးရ၊ လူမှုဘဝ၊ လူငယ်ပညာရေးတို့ မြှင့်တင်ဖြစ်ပြီး တပ်ခေါင်းဆောင်ဖြစ်စေ၊ မည်သည့် ခေါင်းဆောင်းတိုင်းမဆို လူငယ်များ၏ အိပ်မက်များမှ တစ်ဆင့်ပြုပြင်ပြောင်းလဲနိုင်ရေး ဆောင်ရွက်ခွင့်များ ရှိရမည်ဟု ဆိုသည်။

"မိဘတွေကို အတုယူပြီး သူတို့ အတွေ့အကြုံတွေကတစ်ဆင့် ပိုကောင်းတာတွေကို အသုံးချနိုင်ရမယ် တစ်ကမ္ဘာလုံးက လူငယ်တွေ တိုးတက်အောင် ပူးပေါင်းဆောင်ရွက်နိုင်ရမယ်" ဟု အိုဘားမားက တိုက်တွန်းခဲ့ သည်။

လူငယ် တိုးတက်ရေး ကြိုးပမ်းမှုကို ဖိလစ်ပိုင်နိုင်ငံမှ မုန်တိုင်းအပြီး မိမိဘဝကို ကိုယ်တိုင်ထူထောင်ကာ အများသူငှာကို ကူညီဆောင်ရွက်ပေးခဲ့သည့် လူငယ် လူးဝစ်(၀်) ကို ကိုးကား ပြောဆိုသွားသည်။


ဒေသတွင်း လူမျိုးရေးပြသနာတွေ

လူထုလူတန်းစားအသီးသီး ခွဲပြားခြားနားမှုများမှာ အောင်မြင်သည့် တိုင်းပြည်များတွင် မရှိဘဲ၊ လူတန်းစား ခွဲခြားခြင်း ဘာသာရေး လူမျိုးရေးအရ ကွဲပြားခြားနားမှုတွေက တစ်ကမ္ဘာလုံးတွင် ရှိနေပြီး တစ်ဦးနှင့် တစ်ဦး တူညီသည့် ယုံကြည်ချက်များ၊ အတွေးခေါ် အသစ်များသည် တိုင်းပြည်များအတွက် အလွန်အရေးကြီးသည်ဟု အိုဘားမားက သုံးသပ်ခဲ့သည်။

"လူတိုင်းသာတူညီမျှဖို့ တစ်ဦးတိုင်းချစ်ခင်ကြဖို့၊ တိုင်းပြည်အရေး အားလုံးပူးပေါင်းပါဝင်နိုင်ဖို့၊ အကြောက်တရားတွေ အဖိနှိပ်ခံရမှုတွေ မရှိဖို့ တစ်ဦးခြင်းစီကနေ စလုပ်ရမယ်။ အစိုးရ၊ အဖွဲ့စည်း တစ်ခုတည်းက မဟုတ်ဘဲ တစ်ယောက်တိုင်းစီက စိတ်ရှည်သည်းခံပြီး ရပ်တည်ရမယ်"ဟု ဆိုသည်။

မြန်မာနိုင်ငံအတွင်း လူမျိုးရေး ခွဲခြားမှုပပျောက်ရေးကို အမေရိကန်ကလည်း ကူညီသွားမည်ဖြစ်ပြီး “ငါနှင့် မတူသည်နှင့် ငါမဟုတ် “ ဆိုသည်များကို မဖြစ်စေရေး အိုဘားမာက ထပ်မံတိုက်တွန်းသည်။


အာဆီယံ မြန်မာနိုင်ငံ အပေါ် သုံးသပ်ချက်

အာဆီယံအဖွဲ့အစည်းသည် ဒေသတွင်းနိုင်ငံများနှင့် ပက်သက်ပြီး မှော်လင့်ချက် မြင့်မားသည့် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး နိုင်ငံအခြင်းခြင်း ပူးပေါင်းဆောင်ရွက်ကာ အစီအစဉ်ကောင်းများ အကောင်အထည်ဖော်နိုင် မည်ဟု အာဆီယံအပေါ် အိုဘားမာက သုံးသပ်ခဲ့သည်။

"ပေါင်းစည်းမှုကို အားပေးတဲ့အခါ ဒီမိုကရေစီအရှိန်မြှင့်နေတဲ့ နိုင်ငံတွေကို အတုယူပြီး ကိုယ်နိုင်ငံကို မြှင့်အောင် လုပ်လာတယ်၊ အာဆီယံကို ကျွန်တော်သွားဆွေးနွေးတော့ ဝေဖန်ကြတယ်၊ ဒါပေမယ့် ပွင့်လင်းတဲ့ လူ့အဖွဲ့ အစည်း တိုးတက်တာကို မြန်မာမြင်တော့ အသွင်းကူးပြောင်းတာတွေ ဖြစ်လာ တယ်" ဟု အာဆီယံ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အသွင်ကူပြောင်းသည့် မြန်မာ့အရေးကို အိုးဘားမားက ထပ်မံသုံးသပ်သည်။

မြန်မာနိုင်ငံအနေဖြင့် အနောက်သို့ပြန်လည် လှည့်မည်ဆိုပါကလည်း အမေရိကန်က အပြုသဘောဆောင်သည့် ဝေဖန်မှုများပြုလုပ် သွားဖြစ်ပြီး ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင်သွားကာ ပြည်သူဘ၀ဖွံ့ဖြိုးတိုးတက်ရေး စဉ်းစား သုံးသပ်ရမည်ဟု အိုဘားမားက သတိပေးသည်။

"အမေရိကန်က အကောင်းဖက်ကိုသွားဖို့ တွန်းအားပါ၊ တစ်ချို့နိုင်ငံတွေကတော့ ကိုယ်တိုင်တာဝန်မယူပဲ။ ကိုယ်တွေ လုပ်ခိုင်းတာကိုပဲ စောင့်နေတာကတော့ စိတ်ပျက်စရာပါ ဘယ်နိုင်ငံမှ အပြစ်ကင်းတာမရှိပါဘူး" ဟု အိုဘားမားက ပြောသည်။

အိုဘားမားရဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုမှု

နိုင်ငံသားအဖြစ် အသိအမှတ်ပြုရာတွင် အမျိုးသားရေးလက္ခဏာဆောင်မှုသည် အဓိက ကျပြီး၊ လူမျိုးစု တစ်ခုတည်း အတွက် အကာအကွယ်ပေး၍ မရခြင်း၊ ဒီမိုကရေစီအရ လူမျိုးစုအားလုံးစည်းလုံးညီညွတ်ပြီး လွတ်လပ် ပွင့်လင်းစွာပြောဆိုနိုင်ခွင့်၊ မကြိုက်နှစ်သက်သော်လည်း ပူးပေါင်းဆောင်ရွက်ခွင့် စသည်တို့ကို အလေးထားသင့်သည် ဟု အိုဘားမားက မှတ်ချက်ပြုသည်။

"နယူးယောက်မှာ လမ်းလျောက်သွားရင်း ဒီကလူတွေထက် ကွဲပြားတာတွေ၊ ညို၊ မဲ၊ ဖြူ၊ မွတ်စလင်၊ တွေရှိမယ် သူတို့တွေကိုမေးရင် အမေရိကန်လို့ပဲ ပြောတယ် အမျိုးသားစည်းလုံးညီညွတ်မှုမရှိရင် ဒါမျိုးမရှိဘူး၊ မြန်မာ နိုင်ငံမှာ ကိုယ့်လူမျိုးစုအတွက်ပဲကွက်ကြည့် အမျိုးသားလက္ခဏာမကြည့်ရင် တိုင်းပြည်အစိတ်စိတ် အမွှာမွှာကွဲမယ်"ဟု အိုဘားမားက သတင်းစကားပါးလိုက်သည်။

မြန်မာပညာရေး ပြုပြင်ပြောင်းလဲရေး အိုဘားမား အကြံပြု

"မြန်မာနိုင်ငံက ပညာရေးစနစ် ပြန်လည်ထူထောင်ဖို့ အကြီးဆုံး စိန်ခေါ်မှုဖြစ်နေတယ် ဘယ်လို ပညာရေးကစပြီး တည်ထောင်မလဲ"ဟု အမေရိကန် သမ္မတ အိုဘားမားက သတိပေးလိုက်သည်။

လူတစ်ဦး၏ ဘဝတစ်ခုတွင် သုံးနှစ်အရွယ်မှ စတင်ကာ မိဘများ၏ ဘာသာစကား သင်ကြားမှုများကို စတင်ခဲ့ခြင်းဖြစ်သဖြင့် ယင်းအရွယ်သည် လေ့လာမှု အကောင်းဆုံး ဘဝ အစပင်ဖြစ်သည်ဟု ဆိုသည်။

ယင်းအတွက် ပြုပြင်ပြောင်းလဲရာတွင် တက္ကသိုလ်သာမက ငယ်စဉ်ဘဝ ပညာရေးမျာကိုပင် စတင်ပြုပြင် ပြောင်းလဲပေးရမည်ဟု သုံးသပ်သည်။

ပညာရေးပြုပြင်ပြောင်းလဲရာတွင် တက္ကသိုလ်များ၏ စွမ်းရည်မည်သို့ မြှင့်တင်ရန်နှင့် တစ်ကမ္ဘာလုံးရှိ နည်းပညာများ၊ သတင်း အချက်အလက်များ ရရှိအောင်လုပ်ဆောင်ပေးရန် လိုအပ်မည့်အပြင် မည်သို့ သင်ကြားမည်ထက်၊ မည်သို့ သင်ကြားရမည်ကို စဉ်းစားရန် အရေးကြီးသည်ဟု အိုဘားမားက ဆိုသည်။

အိုဘားမားသည်က ညနေ ၃နာရီ ၅၀အချိန်မှစတင်တာ မိနစ် ၄၀ကျော် တွေ့ဆုံကာ လူငယ်များ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေး ခဲ့သည်။

No comments: