ABC
ဟားဗက်တက္ကသိုလ် ဥပဒေဌာနရဲ့ စုံစမ်းစစ်ဆေးမှုအရ မြန်မာနိုင်ငံ ပြည်ထဲရေးရာ ဝန်ကြီးဗိုလ်ချုပ် ကိုကိုအပြင် ဗိုလ်မှူးချုပ် မောင်မောင်အေးနဲ့ ဗိုလ်မှူးချုပ် ခင်ဇော်ဦးတို့ဟာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုအတွင်း ညှင်းပမ်း နှိပ်စက် သတ်ဖြတ်မှုတွေ ညွှန်ကြားကြောင်း တွေ့ရှိခဲ့ကြပါတယ်။
အဲဒီ စစ်အရာရှိ သုံးဦးဟာ ၂၀၀၅ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်း ကရင်လက်နက်ကိုင် အဖွဲ့တွေကို တိုက်ခိုက် ရာမှာ ကျေးရွာတွေကို မော်တာ လက်နက်တွေ ပစ်ခတ်ခဲ့သလို ရွာသားတွေ ကိုလည်း နှိပ်စက် သတ်ဖြတ် ပစ်တာတွေအပြင် တခြား ပြစ်မှုတွေ ကျူးလွန်ခဲ့တာကို တွေ့ရှိခဲ့ကြပါတယ်။
ဟားဗက်ဥပဒေကျောင်းက ၄ နှစ်ကြာ လေ့လာမှုတွေ လုပ်ပြီး အခုလို ဖော်ပြထားတာဖြစ်ကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီ စစ်အရာရှိ သုံးဦးကို တိုက်ရိုက် စွပ်စွဲတာ မဟုတ်ပေမယ့် အဲဒီအချိန်အတွင်း ပြည်သူတွေကို ထိခိုက် ပစ်မှတ်ထားတဲ့ ပေါ်လစီကို ဆက်လက်ကျင့်သုံးပြီး အဲဒီပေါ်လစီအရ ညွှန်ကြားမှုတွေ လုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဗိုလ်ချုပ် ကိုကို၊ ဗိုလ်မှူးချုပ် မောင်မောင်အေးနဲ့ ဗိုလ်မှူးချုပ် ခင်ဇော်ဦးတို့ သုံးဦးရဲ့ ညွှန်ကြားမှုကြောင့် သူတို့ လက်အောက်ငယ်သားတွေက ပြစ်မှုကျူးလွန်ခြင်းဖြစ်တယ်လို့ ဟားဗက်တက္ကသိုလ် ဥပဒေကျောင်းက Matthew Bugher က ပြောဆိုထားပြီး သူတို့ရဲ့ တွေ့ရှိချက်တွေကို ဗုဒ္ဓဟူးနေ့တုန်းကပဲ အစိုးရကို ပေးအပ်လိုက်ပြီလို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရိုက်တာ သတင်းဌာနက ပြန်ကြားရေး ဝန်ကြီးလည်းဖြစ် သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဝန်ကြီး ဦးရဲထွဋ်ကို ဖုန်းအပြင် အီးမေးလ်နဲ့ပါ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ပြန်ကြားမှု မရခဲ့ဘူးလို့ ပြောပါတယ်။
ဒီအစီရင်ခံစာကို ဒုတိယ ကာကွယ်ရေးဝန်ကြီး ဦးကျော်ညွှန့်နဲ့ ဆွေးနွေးရာမှာတော့ ဒီအစီရင်ခံစာဟာ တဖက်သတ် ဆန်ဆန် ရေးသားထားတဲ့ အစီရင်ခံစာဖြစ်ပြီး မှန်ကန်မှု မရှိဘူးလို့ ပြောဆိုခဲ့ကြောင်း အစီရင်ခံစာ ရေးသားသူက ပြောပြပါတယ်။
သူတို့အနေနဲ့တော့ အစိုးရ ဝန်ကြီးဌာနအတွင်း လူ့အခွင့်အရေး ချိုးဖောက်သူတွေ ရှိတယ်လို့ ယုံကြည်ပြီး အဲလို ရှိနေရင် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လမ်းစဉ်အပေါ် သံသယရှိစရာ ဖြစ်တယ်လို့လည်း ပြောလိုက်ပါတယ်။
ဟားဗက်ဥပဒေကျောင်းသားဟောင်းဖြစ်တဲ့ အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံ မသွားခင် တစ်ပါတ်အလိုမှာပဲ ဒီအစီရင်ခံစာ ထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။
အမေရိကန် သံရုံးအရာရှိကတော့ ဒီအစီရင်ခံစာကို အလေးအနက်ထားကြောင်း တုန့်ပြန်ထားပါတယ်။
အမေရိကန်က မြန်မာ လူ့အခွင့်အရေးအကြောင်း စိုးရိမ်တယ်လို့ ပြောဆိုမှုတွေ ရှိနေတဲ့အတွက် ဒီတချီ အမေရိကန် သမ္မတရဲ့ ခရီးစဉ်အပြီး ကြီးမားတဲ့ ဆုလာဒ်တွေကို အမေရိကန်က မြန်မာကို ပေးဖို့ ရှိမှာမဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။
အဲဒီအရာတွေကတော့ ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးကို ဖယ်ရှားပေးတာတွေ ဒါမှမဟုတ် စစ်ရေးအရ ပူးပေါင်းမှု လုပ်တာတွေကို အမေရိကန်က ပြုလုပ်ပေးမှာ မဟုတ်ဘူးလို့ သုံးသပ်နေကြကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

No comments:
Post a Comment