ယုဝေ
ရန်ကုန်-မန္တလေးအထိ ဝှီးချဲဖြင့် ခရီးရှည်ထွက်မည့် “မသန်စွမ်းသူများ၏ သန်စွမ်းမှုစွမ်းရည်” အစီအစဉ်ကို ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)နှင့် ရန်ကုန်မျက်မမြင်ကျောင်း (ခ၀ဲခြံ)တို့ ပူးပေါင်းလုပ်မည်ဟု ရွှေမင်းသားဖောင် ဒေးရှင်းဥက္ကဋ္ဌ ဦးမြတ်သူဝင်းက နိုဝင်ဘာ ၁ ရက်က City Star ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ပြောသည်။
ဦးမြတ်သူဝင်းက “ မသန်စွမ်းသူတွေရဲ့စိတ်ဓါတ်က အရမ်းကို ခိုင်မာပါတယ်။ မြို့တစ်မြို့ကို ၀င်လိုက်တာနဲ့ မြို့အ၀င်ကနေ အထွက်ထိ တစ်ခဲနက် အားပေးတဲ့ သူတွေရှိပါတယ်။ မသန်စွမ်းသူတွေနဲ့အတူ သန်စွမ်းသူတွေပါ ပူပေါင်းပါဝင်တဲ့အတွက် နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေလည်းရရှိခဲ့ပါတယ်။ ”ဟုပြောသည်။
ရွှေမင်းသားဖောင်းဒေးရှင်း(မြန်မာ) ဦးဆောင်သည့် မသန်စွမ်းများက ရန်ကုန်မှ မန္တလေးအထိ သုံးဘီး လက်တွန်းလှည်း (၀ှီးချဲ)များဖြင့် သွားရောက်မည်ဖြစ်ပြီး ရန်ကုန်မျက်မမြင်ကျောင်း (ခ၀ဲခြံ) ကဦးဆောင်သည့် Reality တီးဝိုင်းက ၀ှီးချဲသမားများ ရပ်နားသည့် ဒေသများ တွင် ဖျော်ဖြေမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
ရန်ကုန်မျက်မမြင်ကျောင်း(ခ၀ဲခြံ)က အထွေထွေအတွင်းရေးမှူး ဦးသိန်းလွင်က “မသန်စွမ်းသူတွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရာမှာ သူ့အားနည်းချက်ကို ကိုယ့်အားသားချက်နဲ့ဖြည့်ဆည်းမယ်။ ကိုယ့်အားနည်းချက်ကို သူ့အားသာချက်နဲ့ ဖြည့်ဆည်းမယ်။ အဲ့လိုဆောင်ရွက်ရင် အောင်မြင်ရုံမက မသန်စွမ်းရေးရာတွေကို ကျယ်ကျယ်ပြန့်ပြန့် တင်ပြနိုင်မှာ ပါ။”ဟုပြောသည်။
ဝှီးချဲဖြင့်သွားမည့် ခရီးစဉ်ကို ရန်ကုန်မှ လယ်ဝေးအထိ ခရီးစဉ်တွင် လက်တွန်းလှည်း(၀ှီးချဲ) သမားဆယ်ယောက်၊ စက်ဘီးစီးသူ တစ်ဦး ပါဝင်မည်ဖြစ်ပြီး လယ်ဝေးအရောက်တွင် နောက်ထပ် လက်တွန်းလှည်(၀ှီးချဲ)သမား ဆယ်ယောက် စက်ဘီးစီးသူ တစ်ဦးက လက်ဆင့်ကမ်း၍ မန္တလေးအထိ ခရီးစဉ်ကို ဆက်လက်သွားမည်ဖြစ်သည်။
ရန်ကုန်မှ မန္တလေးမြို့အထိခရီးစဉ်တွင် (မိုင်ပေါင်း ၄၃၄ မိုင်)ကို ၀ှီးချဲသမား ၂၀ ဦးနှင့် စက်ဘီးသမား ၂ ဦး ပါဝင်ဆင်နွှဲမည်ဖြစ်ပြီး Reality တီးဝိုင်းတွင် မျက်စီအာရုံအားနည်းသူ ၁၂ဦး ၊ ကူညီမည့်သူ ၁၂ ဦး၊ ဆေးအဖွဲ့နှင့် ကားသုံးစီး၊ စက်ပြင်အဖွဲ့တို့ ပါဝင်မည်ဖြစ်သည်။
ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကို ဂုဏ်ပြုသည့် ရည်ရွယ်ချက်ဖြင့် မန္တလေးမြို့တွင်ပြုလုပ်မည့် ယင်းအခမ်းအနားကို မသန်စွမ်းများက ၀ှီးချဲဖြင့် သွားရောက်၍ ဂုဏ်ပြုခြင်းလည်း ဖြစ်သည်။
No comments:
Post a Comment