ဇာဏီထွဏ်း
ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ ပိုမိုအားကောင်းလာပြီး ၁၂ နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ပြောင်းလဲမည်ဟု နိုဝင်ဘာ ၇ ရက် နံနက် ၆ နာရီအချိန်က တိုင်းထွာ ထားသော် လည်း နေ့လည် ၁၂ နာရီအချိန် တိုင်းထွာချက်အရ နိုဝင်ဘာ ၉ ရက်တွင် အားပျော့သွားနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးကျော်မိုးဦးက မဇ္ဈိမကို ပြောသည်။
“အဲဒီမုန်တိုင်းငယ်က ဆိုင်ကလုန်းမုန်တိုင်းအဆင့်အထိ ရောက်ရှိမယ်လို့ ခန့်မှန်းထားပေမယ့် ဒီနေ့ (နိုဝင်ဘာ ၇ ရက်) နေ့လည် ၁၂ နာရီမှာ တိုင်းတာချက်အရ နိုဝင်ဘာ ၉ ရက်မှာ ပင်လယ်ပြင်မှာပဲ အားပျော့သွားနိုင် ပါတယ်။ နောက်ရက်ပိုင်းတွေမှာ မိုးရွာနိုင်ပေမယ့်လည်း စံချိန်ချိုးသည်အထိတော့ ဖြစ်မှာ မဟုတ်တော့ပါဘူး” ဟု ဦးကျော်မိုးဦးက ပြောသည်။
ယမန်နေ့များက မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာနိုင်ငံ နေရာ ၅ ခုတွင် မိုးရေချိန် စံချိန်သစ်တင်ရွာသွန်းခဲ့သည်ဟု ၎င်းက ပြောသည်။
အဆိုပါ မုန်တိုင်းငယ်အရှိန်ကြောင့် နိုဝင်ဘာ ၆ ရက်တွင် မိုးရေချိန် စံချိန်သစ်တင်ခဲ့ပြီး ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံမြို့တွင် နှစ်ပေါင်း ၁၄ နှစ်အတွင်း၌ မိုးရေချိန် ၆ ဒသမ ၈၉ လက်မဖြင့် လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် နှစ်ပေါင်း ၆၇ နှစ်အတွင်း၌ မိုးရေချိန် ၆ ဒသမ ၇၇ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် နှစ်ပေါင်း ၅၀ အတွင်း၌ မိုးရေချိန် ၅ ဒသမ ၉၄ ဖြင့် လည်းကောင်း၊ ဇောင်းတူ မြို့နယ်တွင် ၂၆ နှစ်အတွင်း၌ မိုးရေချိန် ၄ ဒသမ ၁၇ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီး မှော်ဘီမြို့နယ်တွင် နှစ်ပါင်း ၆၂ အတွင်း၌ မိုးရေချိန် ၄ ဒသမ ၇၆ လက်မဖြင့် လည်းကောင်း မိုးရေချိန် စံချိန်သစ်များဖြစ်ပေါ်ခဲ့သည် ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
မုတ်သုန်ရာသီ ကုန်ဆုံးသွားသော်လည်း မုန်တိုင်းရာသီ အားကောင်းနေဆဲဖြစ်သည့် နိုဝင်ဘာလများတွင် မုန်တိုင်း များကြောင့် မိုးရွာသွန်းခြင်း ဖြစ်သည်။ စက်တင်ဘာ ၊ အောက်တိုဘာ ၊ နိုဝင်ဘာလများတွင် ပင်လယ်ရေ မျက်နှာပြင် အပူချိန်များသည်လည်း အမြင့်ဆုံးဖြစ်နေသည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင် က ပြောသည်။
အဆိုပါ မုန်တိုင်းမိုးကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ်ဧကပေါင်းများစွာမှာ ပျက်စီးနိုင် ဖွယ်ရှိသော်လည်း တိုင်းဒေသကြီး အစိုးရအနေဖြင့် တစ်စုံတရာ ဖြေရှင်းပေးရန်မရှိဟု ဧရာဝတီတိုင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးက နိုဝင်ဘာ ၆ရက်က မဇ္ဈိမကို ပြောသည်။
No comments:
Post a Comment