ရေခဲ (ပြည်)
အသက် ဆယ့်ခြောက်နှစ်အရွယ် စိတ်ဝေဒနာရှင် မိန်းကလေးထံမှ ကာမလိမ်လည် ရယူသူကို ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့နယ် တရားရုံးက နိုဝင်ဘာ ၁၂ ရက်တွင် ထောင်ဒဏ် ၆ လ အမိန့်ချလိုက်သည်ဟု မိန်းကလေး၏ မိဘများက ပြောသည်။
ပြည်မြို့ ရွာဘဲရပ်ကွက် သန္ဓေပင်နယ်မြေတွင် နေထိုင်သူ ဦးသန်းစိုးဆိုသူက အိမ်နီးချင်း အသက် ၁၆ နှစ်အရွယ် စိတ်ဝေဒနာရှင် မိန်းကလေးကို ကာမလိမ်လည်ရယူခဲ့ရာ ကိုယ်ဝန်(၅)လရှိသည့်အချိန်တွင် မိန်းကလေး၏ မိဘများက သိရှိပြီး တရားရုံးသို့ တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
တရားလိုဘက်မှ အမှုလိုက်ရှေ့နေ ဒေါ်ဇင်မိုးထိုက်က “ကောင်မလေးက စိတ်ဝေဒနာသည် ဆိုတော့ ဖြစ်စဉ်ဖြစ်တဲ့အချိန် အမှုမတိုင်ခဲ့ရဘူး။ ကိုယ်ဝန်ရှိတဲ့အချိန်မှ တိုင်လိုက်ရတယ်။ ဖြစ်သင့်တာက ၃၇၆ (အလိုမတူဘဲ သားမယားပြုကျင့်မှု) နဲ့ ဖြစ်သင့်တာ။ တရားလိုကလည်း ပြစ်ဒဏ်နည်းတယ်လို့ သုံးသပ်တယ်” ဟု ပြောသည်။
အဆိုပါအမှုကို ပြည်မြို့နယ် တရားရုံးတွင် ပြစ်မှုကြီး အမှတ် ၉၆၁၀/၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၁၇ အရ တရားသူကြီး ဒေါ်နန်းစမ်းငင်းက လက်ခံစစ်ဆေးခဲ့ပြီး တစ်နှစ်ခန့်ကြာသည့်အချိန် ရုံးချိန်း (၅၇) ချိန်းမြောက်တွင် အမိန့်ချခဲ့ခြင်း ဖြစ်သည်။
အမှုရင်ဆိုင်နေရချိန်တွင် စိတ်ဝေဒနာရှင် မိန်းကလေးကို ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့၊ လူမှုဖူလုံရေး ဌာနတို့မှ စောင့်ရှောက်မှုပေးခဲ့ပြီး ထိုစိတ်ဝေဒနာရှင် မိန်းကလေး မွေးဖွားသည့် သားဦးရတနာမှာလည်း ၇လ ရှိပြီဖြစ်သည်။
No comments:
Post a Comment