ခင်မြတ်မြတ်ဝေ
ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ် လက်ယက်စမ်းကျေးရွာတွင် တပ်ရင်း ၁၄၆ နှင့် ကျောက်တန်းမြို့နယ် အိုးအိမ်ဌာနက သိမ်းဆည်းထားသည့် လယ်ယာမြေများကို ပြန်ပေးရန် ၂၀၁၃ခုနှစ်ကတည်းက လယ်ယာမြေ စီမံခန့်ခွဲရေးကော်မရှင်ထံ တိုင်ကြားထားသော်လည်း ယနေ့အထိ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးဟု မူလပိုင်ရှင် လယ်သမား ဦးမြသန်းက မဇ္ဈိမကို ပြောသည်။
"ကျွန်တော့်မြေက တပ်ရင်း ၁၄၆က သိမ်းတဲ့ထဲမှာ ၁၅ဧက ပါနေတယ်။ ကျွန်တော်တို့ကို ကျောက်တန်းအိုးအိမ်ရုံးက ကျွန်တော်တို့ရဲ့လယ်ခွန်ပြေစာတွေ လယ်ယာထဲမှာ ဓာတ်ပုံရိုက်ပြီး အချက်အလက်တွေ ယူထားတယ်။ ခုထိဘာမှလည်း ကျွန်တော်တို့ကို ဖြေရှင်းမပေးသေးဘူး။ မူလမြေပြန်ရရင်လည်းရမယ် မရရင်လည်း လျော်ကြေးပေးမယ်လို့ အိုးအိမ်ဦးစီးကပြောတယ်" ဟုယင်းကဆိုသည်။
မူလပိုင်ရှင် လယ်သမားများအား လယ်ယာမြေများ ပြန်ပေးနိုင်ရန် ကျောက်တန်းမြို့နယ် အိုးအိမ်ဌာနက မူလပိုင်ရှင်များကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလက ကွင်းဆင်းစိစစ်မှုများ လုပ်ခဲ့ပြီး ပြန်လည်ပေးအပ်နိုင်ရန် အဆင့်ဆင့် တင်ပြထားသည်ဟု ကျောက်တန်းမြို့နယ် အိုးအိမ်ဦးစီးဌာနက အကြီးတန်းစာရေး ဦးမျိုးလွင် က မဇ္ဈိမကို ပြောသည်။
"လယ်ယာစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ကျွန်တော်တို့ တင်ထားပါတယ်။ လယ်သမား ၇၅ဦးကို သူတို့ပိုင်တဲ့မြေပေါ်မှာ ဓာတ်ပုံရိုက်တယ်။ နောက်သိမ်းတုန်းက မြေနေရာတွေ အိုးအိမ်၊ နည်းပညာကျောင်းရဲ့ တပ်မ၁၄၆ ရယ် ဆိုတော့ သူတို့ မှတ်တမ်းမှာ ဘယ်အပိုင်းမှာပါနေတယ်ဆိုတာကိုပါ မှတ်ချက်တွေ ရေးပေးပြီး သေချာစီစစ်ပြီး အထက်ကို ပြန်တင်ထားပါတယ်"ဟုယင်းကဆိုသည်။
သို့သော် ယခုအချိန်ထိ လယ်မြေပြန်ရရန် တစ်စုံတစ်ရာ ထူးခြားမှု မရှိသော်လည်း ၂၀၁၄ခုနှစ် အောက်တိုဘာလအတွင်း၌မူ ထိုမြေနေရာပေါ်တွင် တပ်ရင်း ၁၄၆က အုတ်တံတိုင်းများ ခတ်ကာ ဆောက်လုပ်နေသည်ဟု ဒေသခံ မသန်းသန်းအေးက မဇ္ဈိမကို ပြောသည်။
"ကျွန်မတို့ကို လယ်ဧကတွေကိုပေးမယ်လို့ ပြောတယ်။ ခုတော့ အဲဒီဧက ၂၀၀ပေါ်မှာ တပ်ရင်း၁၄၆ က အုတ်တိုင်းတွေ ဆောက်နေတာ ၂ပတ်ရှိပြီ" ဟု ၎င်းက ပြောသည်။
လက်ယက်စမ်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးကြူက "ကျွန်တော်တို့ကို အထက်ကတင်ပြထားတာ ညွှန်ကြားထားတာတော့ မရှိသေးဘူး၊ မြေကိစ္စနဲ့ပတ်သက်ပြီး အကြောင်းကြားတာမရှိဘူး။ ဒါပေမယ့် ဒေသခံတောင်သူတွေကတော့ မြေပြန်ရလိုမှုနဲ့ အထက်ကိုလျှောက်ထားတယ်။ တပ်ရင်း ၁၄၆ကသိမ်းထားတော့ သူတို့ကပဲ အုတ်တံတိုင်းခတ်တာပေါ့"ဟု ယင်းကဆိုသည်။
အိုးအိမ်ဦးစီဌာနမှ မှုလပိုင်ရှင်များ၏ လယ်မြေများပေါ်တွင် ပိုင်ရှင်နှင့် တွဲ၍ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ ၎င်းတို့ ပိုင်ဆိုင်ကြောင်း လယ်ခွန်ပြေစာ သက်သေ အထောက်အထားများနှင့် ပူးတွဲ၍ အိုးအိမ်ဦးစီးဌာန နေပြည်တော် ရုံးချုပ်သို့ တင်ပြထားပြီးဖြစ်သည်ဟု ဦးမျိုးလွင်က ပြောသည်။
၁၉၈၉ ခုနှစ်က သန်လျင် နည်းပညာကျောင်းဆောက်လုပ်ရန် လယ်ဧက ၈၁၀ကို သိမ်းဆည်းခဲ့ပြီး ကျောင်းဆောက်၍ ပိုလျှံမြေများကို အိုးအိမ်ဦးစီးဌာနမှ ဧက ၅၀၀ကျော်နှင့် သန်လျင် ခြေလျင်တပ်ရင်း ၁၄၆ မှ ဧက ၂၀၀ကို ခွဲယူ သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment