Wednesday, November 12, 2014

၂၀၁၅ အလွန် အာဆီယံ အသိုင်းအဝန်း အုတ်မြစ်ချ ထိပ်သီးအစည်းအဝေး နိုဝင်ဘာ ၁၂ ရက်စမည်

Mizzima

အာဆီယံအသိုင်းအ၀န်းကို ၂၀၁၅ ဒီဇင်ဘာ ၃၁ မှ စတင်ပြီး ထူထောင်တော့မည်ဖြစ်ရာ ယခုနှစ် ၂၀၁၄ မြန်မာက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်သည့် အာဆီယံထိပ်သီး စည်းဝေးပွဲမှာ အလွန် အရေးပါကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ဗီယက်နမ်နိုင်ငံသား မစ္စတာ လီလောင်မင်းက ပြောသည်။

၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးစည်းဝေးပွဲမှ နေပြည်တော်ကြေညာချက် ထွက်ပေါ်လာမည်ဖြစ်ပြီး ယင်းကြေညာချက်မှာ စီးပွားရေးနှင့် နိုင်ငံရေးအရ ကမ္ဘာကြီး၏ အရေးအပါဆုံး ဒေသတစ်ခု ဖြစ်လာမည့် ၂၀၁၅ အလွန် အာဆီယံ အသိုင်းအဝန်းအတွက် အခြေခံ စည်းမျဉ်းများ ဖြစ်လာမည်ဖြစ်သည်။

အာဆီယံခေါင်းဆောင်များ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန်၊ ရုရှနှင့် အမေရိကန်တို့မှ ခေါင်းဆောင်များပါဝင်တက်ရောက်မည့် ၂၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးစည်းဝေးပွဲနှင့် ဆက်စပ်ထိပ်သီးစည်းဝေးပွဲများကို ယနေ့နှင့် မနက်ဖြန် နိုဝင်ဘာ ၁၂ နှင့် ၁၃ နှစ်ရက်ဆက်တိုက် နေပြည်တော်တွင် ကျင်းပမည်ဖြစ်သည်။

အာဆီယံနှင့် ကမ္ဘာ့ခေါင်းဆောင်များ စုစုပေါင်း ၁၈ ဦး တက်ရောက်မည့် သမိုင်းဝင် ထိပ်သီးအစည်းအဝေးများသို့မြောက်ကိုရီးယား ခေါင်းဆောင်များ တက်ရောက်မည် မဟုတ်ဟု အစည်းအဝေးအစီအစဉ်များအရ သိရသည်။


အစိမ်းရောင် စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် ကြေညာချက်

နေပြည်တော် အာဆီယံထိပ်သီး အစည်းအဝေးမှ ရာသီဥတု ပြောင်းလဲမှု ၂၀၁၄ အတွက် အာဆီယံ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ကြမည်ဖြစ်သည်။

အာဆီယံထိပ်သီး အစည်းအဝေး၏ နိုဝင်ဘာ ၁၂ အခမ်းအနား အစီအစဉ်များအရ အာဆီယံအစိမ်းရောင် စီးပွားရေး ဗဟိုဌာနကို တည်ထောင်ခြင်း အခမ်းအနားသို့ သမ္မတဦးသိန်းစိန်နှင့် အာဆီယံ ခေါင်းဆောင်များ တက်ရောက် ဖွင့်လှစ်ပေးကြမည် ဖြစ်သည်။

ဒေသတွင်းနှင့် နိုင်ငံတကာအတွက် အာရုံစိုက်စရာ ကိစ္စဖြစ်နေသော တောင်တရုပင်လယ်အရေးမှသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ ကိစ္စများကို ခေါင်းဆောင်များက ဆွေးနွေးကြမည်ဖြစ်သည်။

တောင်တရုတ် ပင်လယ်အရေးကို နှစ်လမ်းသွားနည်းဖြင့် ချဉ်းကပ်ရေးကို လက်ခံထားပြီးနောက် အငြင်းပွားနေသော ပဋိပက္ခများကိုသက်ဆိုင်သည့်နိုင်ငံများက စေ့စပ်ညှိနှိုင်းခြင်းနှင့် တိုင်ပင်နှီးနှောခြင်းဖြင့် ဖြေရှင်းကြပြီး၊ တောင်တရုတ်ပင်လယ်တွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို တရုတ်နှင့် အာဆီယံနိုင်ငံများက ပူးတွဲ လုပ်ဆောင်ရန်ဖြစ်သည်ဟု တရုတ်ဝန်ကြီးချုပ် လီကာချင်းက ဂျကာတာပို့စ် သတင်းစာတွင် ရေးသားခဲ့သည်။

အာဆီယံသည် ကမ္ဘာပေါ်တွင် စီးပွားရေးနှင့် နိုင်ငံရေးအရ အရေးပါသည့် ဒေသတစ်ခု ဖြစ်လာနေသည်ဖြစ်ရာ မြန်မာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ၂၀၁၄ အာဆီယံ ဆောင်ပုဒ်မှာ "ရှေ့သို့တူညီ တက်လှမ်းချီ ငြိမ်းချမ်းဝေစီ အာဆီယံ အသိုက်အ၀န်းဆီ" ဖြစ်သည်။

အာဆီယံကို ၁၉၆၇ သြဂုတ် ၈ က အဖွဲ့ဝင် ငါးနိုင်ငံဖြင့် စတင် တည်ထောင်ခဲ့ပြီး၊ မြန်မာက ၁၉၉၇ တွင် အဖွဲ့ဝင် နိုင်ငံဖြစ်ခဲ့သည်။

အာဆီယံထိပ်သီးအစည်းအဝေးများနှင့်အတူ ကမ္ဘာ့ခေါင်းဆောင်များနှင့်လည်း ဆက်စပ် ထိပ်သီး အစည်းအဝေးများကို ကျင်းပမည်ဖြစ်ရာကမ္ဘာ့ခေါင်းဆောင်များဖြစ်သော အမေရိကန်သမ္မတ အိုဘားမား၊ တရုတ်ဝန်ကြီးချုပ် လီကာချင်း၊ အိန္ဒိယ၀န်ကြီးချုပ် မိုဒီ၊ ရုရှဝန်ကြီးချုပ် မက်ဗီဒက်၊ ဂျပန်ဝန်ကြီးချုပ် အာဘေး၊ တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအ၀င် ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။

သမ္မတအိုဘားမားက မြန်မာပြည် မလာမီ ၁၂ ရက်ကြိုတင်၍ သမ္မတ ဦးသိန်းစိန်နှင့် တယ်လီဖုန်း ဆက်သွယ် ပြောဆို ဆွေးနွေးရာတွင် ရခိုင်အရေး၊ ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စများနှင့် ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးထားသည်။

No comments: