မောင်သင်တုန်း
စစ်တပ်နှင့် ပြည်ထဲရေးအပါအဝင် နိုင်ငံတော်အစိုးရ ဝန်ထမ်းအားလုံးကို ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍနှစ်မှ စတင်ပြီး ခေတ်စနစ်နှင့် လျော်ညီသော၊ သင့်တင့်မျှတသော ဝန်ထမ်းလစာ သတ်မှတ်ပေးနိုင်ရန် ပထမကြိမ် ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက် အစည်းအဝေး ၂၄ ရက်မြောက်နေ့ နိုဝင်ဘာ ၁၂ ရက်တွင် အရေးကြီးအဆိုကို လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက တင်သွင်းလိုက်သည်။
"ဝန်ထမ်းဆိုရင် အကြွေးရှိတယ်လို့ သတ်မှတ်ကြပါတယ်" ဟု ဦးဇော်မြင့်ဖေက လွှတ်တော်တွင် ပြောကြားလိုက်သည်။
ဝန်ထမ်းလစာ တိုးပေးမယ်ဆိုရင် လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရး အခြေအနေအရ GDP အချိုးကို ကြည့်လျှင်လည်း တိုးပေးနိုင်တဲ့ နှုန်းထား ရှိသည်ဆိုတာကို သိရှိပြီး ဖြစ်ပါတယ်။
ပြည်ထောင်စု အဆင့် ဝန်ကြီးများ၏ လစာနှုန်းထားနှင့် အောက်ခြေဝန်ထမ်းများ၏ လစာနှုန်းထားမှာ လက်ရှိတွင် အစမတန် ကွာခြားနေပါတယ်။ အဆိုပါ ကွာခြားချက်များကို ပြုပြင်ရန် လိုအပ်လျက်ရှိတယ်လို့ ဦးဇော်မြင့်ဖေက ဆိုသည်။
ပြည်ထောင်စုဝန်ကြီး ဝင်းရှိန်ကလည်း နိုင်ငံ့ဝန်ထမ်း လစာများကိုပေးရန် အရေးကြီးအဆို တင်သွင်းချိန်ဟာ မင်္ဂလာရှိတဲ့ အချိန်လို့ ပြောလို့ရပါတယ်။ မိမိတို့ အနေဖြင့် ဝန်ထမ်း၏ သားသမီးများကလည်း အရေးကြီးတဲ့အတွက် လစာနှုန်းထား တိုးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ် ဟု ပြောကြားကာ ထောက်ခံ ဆွေးနွေးခဲ့သည်။
အထက်ပါ အဆိုကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက ထောက်ခံဆွေးနွေးပြီး ဝန်ထမ်းလစာ တိုးပေးမည်ဆိုသည့် သတင်းကြောင့် ကုန်ဈေးနှုန်းများ တက်လာနိုင်သည်နှင့် ငွေကြေးဖောင်းပွမှုများ တက်လာနိုင်သည်ဆိုသည့် အချက်အလက်များ ရှိလာနိုင်သည့်အတွက် သတင်းထွက်ပြီးပါက မဖြစ်မနေ တိုးပေးရန် လိုအပ်လျက်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဆွေးနွေးသွားရန် လိုအပ်သည်ဟုဆိုကာ အဆိုအား ထောက်ခံဆွေးနွေးခဲ့သည်။
ပြည်ထောင်စု လွှတ်တော်နာယက ဦးရွှေမန်းက "ကုန်ဈေးနှုန်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက လုပ်ဆောင်ပါလိမ့်မယ်" ဟု ပြောကြားပြီး အရေးကြီးအဆိုကို လွှတ်တော်က အတည်ပြုရန် ဆုံးဖြတ်ခဲ့သည်။
No comments:
Post a Comment