မင်းဟိန်းထက်
အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် ပြည်တွင်း အရပ်ဖက် အဖွဲ့အစည်းအချို့ နိုဝင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့ အမေရိကန်သံရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြရာ လူ့အခွင့်အရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့် စသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံခဲ့သူအချို့က မဇ္ဈိမကို ပြောသည်။
အဆိုပါ တွေ့ဆုံပွဲသို့ အရပ်ဖက်အဖွဲ့အစည်း ၁၃ ဖွဲ့အပါအ၀င် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ အတွင်းရေးမှူး ဦးကျော် မင်းဆွေလည်း တက်ရောက်ခဲ့ကြပြီး အမေရိကန် သမ္မတနှင့် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် လူ့အခွင့်ရေး၊ သတင်းမီဒီယာလွတ်လပ်ခွင့်၊ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးခွဲခြားမှုနှင့် နိုင်ငံသား သတ်မှတ်ရေး၊ ငြိမ်းချမ်းရေး စသည့် ကိစ္စများကို ပြောဆိုဆွေးနွေးခဲ့ကြသည်ဟု အဆိုပါပွဲသို့ တက်ရောက်ခဲ့သည့် လူ့အခွင့်ရေးနှင့် ပတ်သက်ပြီး စဉ်ဆက်မပြတ် လှုပ်ရှားခဲ့သူ Equality Myanmar အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက မဇ္ဈိမကိုပြောသည်။
တွေ့ဆုံပွဲတွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ရခိုင်ပြည်နယ်သို့ နယ်စပ်မှ တရားမဝင် ရောက်လာသူ (ဘင်္ဂါလီ)များကို နိုင်ငံသားအဖြစ် လက်မခံနိုင်သည်ကို လက်ခံသော်လည်း ဘိုးစဉ်ဘောင်ဆက်နေလာသည့် ဘင်္ဂလီများကိုမူ နိုင်ငံသားအဖြစ် လက်ခံပေးစေလိုကြောင်း ပြောဆိုခဲ့သည်ဟု ၎င်းက ဆိုသည်။
ဦးအောင်မျိုးမင်းက “ဒီမိုကရေစီမှာ လူမျိုးစုအားလုံးကို တန်းတူဆက်ဆံဖိုနဲ့ လူမျိုးစုတစ်စုကိုပဲ အကာအကွယ်မပေးဖို့ နိုင်ငံသား သတ်မှတ်ပေးဖို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းခဲ့တယ်လို့” အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ပြောကြားခဲ့သည်ဟု ၎င်းက ပြောသည်။
ထိုသို့ အမေရိကန်သမ္မတ၏ ပြောကြားချက်ကို ၎င်းကလည်း သဘောတူလက်ခံပြီး လူမျိုးခြားများကို တန်းတူ အခွင့်အရေးပေးရန်နှင့် နိုင်ငံသားမဖြစ်လျှင်လည်း အကြမ်းဖက်ခြင်းကို မပြုလုပ်သင့်ကြောင်းနှင့် မြန်မာနိုင်ငံတွင် အစိုးရမှ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုများအားနည်းနေသလို ချိုးဖောက်မှုများလည်းရှိနေသည် ဟု တင်ပြဆွေးနွေးခဲ့သည်ဟုဆိုသည်။
အဆိုပါ အရပ်ဖက်အဖွဲ့အစည်းများ၏ တင်ပြဆွေးနွေးချက်များကို အမေရိကန်အစိုးရအနေဖြင့် တတ်နိုင်သည့် ကုညီမှုများကို ပြုလုပ်သွားမည်ဖြစ်ပြီး အထူးသဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတမှု ရှိအောင် ပံ့ပိုးကူညီပေးမည်ဟုပြောကြားခဲ့သည်ဟု ၎င်းပွဲသို့ တက်ရောက်ခဲ့သူ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီမှ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောသည်။
မီဒီယာ လွတ်လပ်ခွင့်နှင့် ပတ်သက်၍ ဆွေးနွေးမှုများ အပေါ် ဦးအောင်မျိုးမင်းက “ပထမဦးဆုံး မီဒီယာ အပေါ်မှာ အန္တရာယ်ပြုတာကို သူ့အနေနဲ့ လက်မခံနိုင်ဘူး။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်သော ရှိသင့်ရှိထိုက်သော အရာတွေ ဖြစ်သလို အစိုးရ အားနည်းချက်တွေကို ထောက်ပြနိုင်တဲ့ အရာတွေဖြစ်တဲ့ မီဒီယာတွေကို ဖိနှိပ်ခြင်းက လူ့အခွင့်အရေး ချိုးဖောက်ခြင်းဆိုတာ သူပြောပြတယ်" ဟု ဆိုသည်။
ယင်းအပြင် “လက်ရှိ မီဒီယာနဲ့ ပတ်သက်ပြီး ရှိနေတဲ့ ဥပဒေမှာ ဘာတွေ အားနည်းချက် ရှိလဲဆိုတာ သူက မေးသွားတယ်။ သူ့အနေနဲ့က မီဒီယာ လွတ်လပ်ခွင့်ကို အားပေး ထောက်ခံမှုတွေကို တွေ့ရတယ်"ဟုလည်း ၎င်းက ဆက်လက်၍ ပြောသည်။
ယင်းအပြင် သတင်းမီဒီယာအရေးနှင့် ပတ်သက်၍ အခက်အခဲများ ကြုံတွေ့ရသည့် ပြဿနာများကို ဆွေးနွေးခဲ့ပြီး အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံရှိ သတင်းမီဒီယာများ စွမ်းရည် မြှင့်တင်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ တစ်ဆင့် ပံ့ပိုးကူညီမှုများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့ကြောင်း ၎င်းကဆိုသည်။
အိုဘားမားက မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာ ၁၂ ရက်မှ စတင် ရောက်ရှိနေခြင်းဖြစ်ပြီး ၁၃ ရက်တွင် နေပြည်တော်၌ အရှေ့-အာရှ ထိပ်သီးအစည်းအဝေးနှင့် အာဆီယံ-အမေရိကန် ဆွေးနွေးပွဲများ တက်ရောက်ခဲ့သည်။
နိုဝင်ဘာ ၁၄ ရက် နံနက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး အတွင်းဝန်ရုံးသို့ သွားရောက်ခဲ့သည်။ ပြီးနောက် အမေရိကန် သမ္မတ အိုဘားမားသည် နံနက် ၁၁ နာရီ ခွဲခန့်တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် အိုဘားမားသည် အမေရိကန်သံရုံး၌ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံအပြီးတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ လူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ညနေ ၅ နာရီခန့်တွင် ရန်ကုန်လေဆိပ်မှ တဆင့် ပြန်လည်ထွက်ခွာခဲ့သည်။
No comments:
Post a Comment