Saturday, November 15, 2014

မြန်မာ့ အပြောင်းအလဲ လိုအပ်ချက်များ ရှိဟု အိုဘားမားပြော

လင်းသန်

မြန်မာ့ပြုပြင် ပြောင်းလဲရေး၌ တချို့နေရာများတွင် တိုးတက်မှု မရှိဘဲ လိုအပ်ချက်များ ရှိနေသည်ဟု အမေရိကန် သမ္မတ အိုဘားမား က အပြုသဘော ဝေဖန်လိုက်ကြောင်း သိရသည်။

အမေရိကန်က သန္နိဋ္ဌာန် ချမှတ်ထားသည့်အတိုင်း မြန်မာ့အရေးကို အခိုင်အမာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု သမ္မတ အိုဘားမား က ပြောဆိုကြောင်းလည်း အမေရိကန် အခြေစိုက် Foreign Policy မဂ္ဂဇင်း၏ အွန်လိုင်း စာမျက်နှာတွင် ရေးသားထားသည်။

သမ္မတ အိုဘားမားက ဒုတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် မြန်မာ့ ပြုပြင်ပြောင်းလဲရေး စစ်မှန်ကြောင်း ထောက်ခံပြောကြားလိုက်ပြီး ရှေ့ဆက်၍ လုပ်ဆောင်စရာများကို အားစိုက် လုပ်ဆောင်ရန်လည်း တိုက်တွန်းသည်။

မြန်မာ့အပြောင်းအလဲသည် ရှေ့မတိုးနောက်မဆုတ် ဖြစ်နေသည်ဟုလည်း သမ္မတ အိုဘားမားက ဝေဖန်ပြောဆိုကြောင်း သိရသည်။

“နောက်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ တကယ့်ကိုလွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်။ တရားမျှတမှု ရှိရမယ်။ အားလုံး ပါဝင် နိုင်ရမယ်”ဟုလည်း အိုဘားမားက သမ္မတ ဦးသိန်းစိန်နှင့် ယမန်နေ့က တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

မြန်မာအစိုးရက ၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ခြင်း၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ သတင်းမီဒီယာများကို ထိန်းချုပ် ထားမှုများ ဖြေလျှော့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် လွှတ်ပေးခြင်းများ စသည့် သိသာသော ပြုပြင်ပြောင်းလဲ မှု အပါအ၀င် အစိုးရ စစ်တပ်တွင် ကလေးစစ်သားများ အသုံးပြုမှု အဆုံးသတ်ရေး လုပ်ဆောင်ချက်များကို အမေရိကန်က အပြုသဘော ရှုမြင်ကြောင်း အိုဘားမားက သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ပြောဆိုသည်။

သို့သော် ရခိုင်ပြည်နယ်အတွင်း မွတ်စလင် လူနည်းစုများကို အကာအကွယ်ပေးရေး၊ ၄င်းတို့၏ ရပိုင်ခွင့် အခွင့်အရေးများအား အကောင်အထည်ဖော်ရေးများ လုပ်ဆောင်ရန် လိုအပ်ချက်များ ရှိနေသေးသည်ဟုလည်း သမ္မတ အိုဘားမားက ထောက်ပြထား သည်။

စီးပွားရေး ကဏ္ဍတွင် ဥပဒေဆိုင်ရာ လိုအပ်ချက်များ ရှိနေပြီး စည်းမျည်းစည်းကမ်း သတ်မှတ်မှုများနှင့် သဘာဝ အရင်းအမြစ် သုံးစွဲမှုများ တွင် မှန်ကန်စွာ အသုံးပြုနိုင်ရေးကိုလည်း ထောက်ပြလိုသည်ဟု အိုဘားမားက ပြောဆိုကြောင်း သိရသည်။

မြန်မာနှင့် မြောက်ကိုရီးယားနိုင်ငံ အကြား လက်နက်အရောင်းအ၀ယ် ကိစ္စများ ရပ်တန့်သွားပြီး ဖျက်အားပြင်း လက်နက်များ မရှိရန် အတွက် လက်မှတ်ထိုးခဲ့သည့်အပေါ် သမ္မတ ဦးသိန်းစိန်အား ကျေးဇူးတင်ကြောင်းလည်း သမ္မတ အိုဘားမားက ပြောဆိုခဲ့သေး သည်။

အိုဘားမားက ဆက်လက်၍ မြန်မာ-အမေရိကန် နှစ်နိုင်ငံ ယဉ်ကျေးမှု၊ ဘာသာစကားများ ဖလှယ်နိုင်ရန် အမေရိကန်နိုင်ငံ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးဆိုင်ရာ စေတနာ့ဝန်ထမ်း တပ်ဖွဲ့ဝင်များ လာမည့် ၂၀၁၅ ခုနှစ်ကုန်ပိုင်းတွင် စတင် ရောက်ရှိမည် ဖြစ်ကြောင်း ထုတ်ပြန် ပြောဆိုသည်။

အမေရိကန် ပြည်ထောင်စုသည် မိတ်ဆွေနိုင်ငံများနှင့် ရင်းနှီးမှု၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အထောက်အကူ ဖြစ်စေရန် အတွက် ၁၉၆၁ ခုနှစ်က စတင် တည်ထောင်ခဲ့သည့် စေတနာ့ဝန်ထမ်း အမေရိကန် ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များသည် မြန်မာ ဘာသာ၊ ယဉ်ကျေးမှု ဆိုင်ရာများကို လေ့လာဆည်းပူးပြီးနောက် နည်းပညာ ဖလှယ်ရေး အပါအ၀င် နိုင်ငံသားများ၏ လုံခြုံရေး ဆိုင်ရာ များကို မြန်မာအစိုးရ၏ ပူးပေါင်းဖိတ်ကြားမှုဖြင့် ကူညီပေးမည့် အစီအစဉ်အသစ် တခုဖြစ်ကြောင်း အိမ်ဖြူတော်က ကြေညာ ချက် ထုတ်ပြန်ထားသည်။

သမ္မတ အိုဘားမားသည် နေပြည်တော်သို့ ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် ၂ ရပ်၏ အကြီးအကဲများ ဖြစ်ကြသော သူရ ဦးရွှေမန်း၊ ဦးခင်အောင်မြင့်၊ လွှတ်တော်အမတ်များနှင့် နိုဝင်ဘာလ ၁၃ ရက်က တွေ့ဆုံခဲ့ပြီး အမေရိကန်၏ စိုးရိမ် မှု များကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

သမ္မတ အိုဘားမားက မြန်မာ့အပြောင်းအလဲ ဆက်လက် လုပ်ဆောင်ရန် တိုက်တွန်း ပြောကြားလိုက်ချိန်၌ အမေရိကန် အခြေစိုက် နယူးယောက်တိုင်းမ် သတင်းစာ၏ နိုဝင်ဘာ ၁၃ ရက်နေ့ စာမျက်နှာ တခုတွင် သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက မြန်မာ့ အပြောင်း အလဲ ဖော်ဆောင်ရာ၌ အချိန်အတိုင်းအတာတခု မဖြစ်မနေလိုအပ်ကြောင်း ဆောင်းပါးတစောင် ရေးထားသည်ကို ဖော်ပြထား သည်။

No comments: