Wednesday, November 12, 2014

လျှပ်စစ်မီးအချိန်ပြည့်မရသည့်အတွက် မြောက်ဦးတွင်ဆန္ဒပြမည်

မာန်ယုကျော် (ရွှေဝမြေ)

လျှပ်စစ်မီးအချိန်ပြည့်မရရှိသည့်အတွက် နိုင်ငံခြားဧည့်သည် အများဆုံ လာရောက်လည်ပတ်သည့် ရခိုင်ပြည်နယ်မှ မြောက်ဦးမြို့တွင် ဒေသခံများက ဆန္ဒပြရန်စီစဉ်ထားကြောင်း သတင်း ရရှိသည်။

လာမည့် နိုဝင်ဘာလ ၁၆ ရက်(တနင်္ဂနွေ)နေ့၊ ညနေ ၃ နာရီအချိန်တွင် မြောက်ဦးမြို့ရှိ သျှစ်သောင်း ပုထိုးတော်ကြီးရှေ့မှစတင်ကာကုန်သည်တန်းရပ်ကွက်ရှိ အထက(၁)ကျောင်းရှေ့ ဘောလုံးကွင်းအထိ မြို့ခံအင်အား ၅ဝဝဝ ခန့်က ဗီနိုင်းဆိုင်းဘိုးများကိုင်ဆောင်၍လမ်းလျှောက်ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဆန္ဒပြပွဲ စီစဉ်သူ မြောက်ဦးမြို့ခံ ကိုကျော်သိန်းထွန်းက ပြောသည်။

“လျှပ်စစ်မီးကို အရင်အတိုင်းပေးဖို့နဲ့ ဒီဇင်ဘာမှာ လျှပ်စစ်မီး ၂၄ နာရီရမယ်ဆိုပြီး လူကြီးတွေ ပေးထား တဲ့ကတိတွေကို တည်ပေးဖို့အတွက်ကို ဆန္ဒပြတဲ့နေ့မှာ အဓိကထားတောင်းဆိုသွားမယ်”ဟု ယင်းက နိရဉ္စရာ သို့ နိုဝင်ဘာ၁၁ ရက်နေ့တွင် ပြောကြားသည်။

ရခိုင်ပြည်နယ်၏ ခရိုင်မြို့ (၅) မြို့ထဲတွင် တစ်မြို့ အပါအ၀င် ဖြစ်သော မြောက်ဦးမြို့တွင် ယခင်က လျှပ်စစ်မီး တစ်နေ့လျှင် နံနက် ၅ နာရီမှ ညည့် ၁၂ နာရီအထိ ရရှိခဲ့သော်လည်း ယခုနှစ်ဇူလိုင်လနောက်ပိုင်းမှစတင်ကာ လျှပ်စစ်မီးပုံမှန်မရရှိတော့ ကြောင်း မြို့ခံများ၏ပြောပြချက်အရ သိရသည်။

“မီးက နေ့ခင်းလည်းမရတော့ဘူး။ ညဆိုလည်း ဘယ်အချိန်လာမယ်ဆိုတာ အတိအကျမပြောနိုင်ဘူး”ဟု မြောက်ဦးမြို့မှ သတင်းထောက်တစ်ဦးက ပြောသည်။

ယင်းသို့ လျှပ်စစ်မီးပုံမှန်မလာသည့်အတွက် မြို့တွင်းရှိ လျှပ်စစ်မီးကိုအားကိုးလုပ်ကိုင်နေရသူများအ တွက် နစ်နာမှုများရှိနေကြောင်းမြို့ခံများက ဆိုသည်။

လာမည့်ဒီဇင်ဘာလအတွင်း မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီရရှိမည့် ရခိုင်ပြည်နယ် မြို့ ၁၁ မြို့စာရင်းတွင် မြောက်ဦးမြို့လည်းပါဝင်နေသည်။

No comments: