Monday, November 10, 2014

ဖွဲ့စည်းပုံပြင်ရန် လူထုအားဖြင့် လုပ်ဆောင်ရန် ဒေါ်စုတိုက်တွန်း

အောင်ကိုဦး

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ လွှတ်တော်အတွင်းတွင် မနိုင်နိုင်သောကြောင့် ပြည်သူလူထု အားဖြင့်သာ ဆောင်ရွက်မှရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

“ရွေးကောက်ပွဲစနစ်နဲ့ပဲ ဖြစ်ဖြစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပဲဖြစ်ဖြစ် လွှတ်တော်ထဲမှာ ဆောင်ရွက်တဲ့အခါ ကျွန်မတို့မှာ ၄၆ နေရာပဲရှိတယ်။ ဒီလို ၄၆နေရာပဲရှိတဲ့အဖွဲ့က ဘယ်လိုလုပ်နိုင်နိုင်မှာလဲ။ အရေအတွက်အားဖြင့် နိုင်လို့မရဘူးဆိုတာ သိပါတယ်။ ကျွန်မတို့ရဲ့ အဓိကအင်အားက လွှတ်တော်ထဲက မဟုတ်ပါဘူး။ လွှတ်တော်ပြင်ပ က ပြည်သူလူထုရဲ့အင်အားပဲဖြစ်ပါတယ်” ဟု ပြောသည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးနှင့်ပတ်သက်၍ ပြည်သူများ၏ ဆန္ဒကို လွှတ်တော်ဆောင်ပုဒ်ဖြစ်သည့် ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူ့အသံ လွှတ်တော်အသံ ဟု ဆိုသည့် အတိုင်း လွှတ်တော်မှ ဆောင်ရွက်ရန် လိုသည်ဟု ပြောသည်။

“အခုရွေးကောက်ပွဲစနစ်နဲ့ပတ်သက်လို့ ရွေးချယ်တဲ့နေရာနဲ့ပဲဖြစ်ဖြစ် နောက်တစ်ပတ်နှစ်ပတ်အတွင်းမှာ စပြီးတော့ ဆွေးနွေးမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ပြည်သူတွေရဲ့ ဆန္ဒကို ဘယ်သူတွေက တန်ဖိုးထားလဲ။ ပြည်သူတွေရဲ့အသံကို ဘယ်သူတွေက နားထောင်လည်းဆိုတာကို ပြည်သူတွေအနေနဲ့ သေသေချာချာလေ့လာကြပါ။ ဒီလိုလေ့လာပြီးမှ ဘယ်သူတွေက ပြည်သူကိုတန်ဖိုးထားတာလည်း ဆိုတာ အဖြေကိုသိမှာဖြစ်ပါတယ်”ဟု ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် အောက်တိုဘာလ ၂၂ ရက်က တင်သွင်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာကို နိုဝင်ဘာလ ၁၃ ရက်မှ ၂၁ ရက်အတွင်း မူသဘောဆွေးနွေးရန် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ညွန်ကြားထားသည်။

“ပြည်သူ့ဆန္ဒကို လျစ်လျူရှုတယ်။ ပြည်သူ့အသံကို နားမထောင်ဘူးဆိုရင် အဓိပ္ပာယ်ကတော့ ပြည်သူကိုတန်ဖိုး မထားဘူးဆိုတဲ့ အဓိပ္ပာယ်ရောက်သွားမယ်။ ပြည်သူကိုတန်ဖိုးမထားတဲ့ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများဟာ ပြည် သူ့အစိုးရလို့ဆိုတဲ့ ဒီမိုကရေစီအစိုးရကို ဘယ်လိုထူထောင်ပေးနိုင်မှာလဲဆိုတာ စဉ်းစားစေချင်တယ်” ဟု သူမက ဆက်လက်ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ခွင့်ရရှိရန်မှာ ပြည်သူလူထု၏ အင်အားပေါ်တွင် မူတည်ပြီး ဖွဲ့စည်းပုံပြင်ရန်မှာ ပြည်သူတစ်ရပ် လုံးနှင့်သက်ဆိုင်သည်ဟု ပြောသည်။

No comments: