လပြည့်ဝန်း
မြန်မာပြည်၏ သစ်မှောင်ခိုထုတ်မှုများမှာ တရုတ်နိုင်ငံသို့ အများဆုံးဝင်ရောက်နေသော်လည်း တရုတ်အစိုးရ၏ တားမြစ်မှုအားနည်းနေဟု ပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းက နိုဝင်ဘာ ၇ ရက်က ပြောကြားလိုက်သည်။
အဆိုပါနေ့တွင် ပြုလုပ်သည့် သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းလီမိတက်၏ ၂၁ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးပွဲအပြီးတွင် မီဒီယာများ၏ မေးမြန်းရာ အထက်ပါအတိုင်း ဖြေကြားလိုက်ခြင်းဖြစ်သည်။
“သစ်ခိုးထုတ်တာက ထိုင်းထက်စာရင် တရုတ်ဘက်ကို သွားတာများနေတယ်။ တရုတ်ရဲ့ အနေအထားကို ကြည့်ရတာ ပြည်မအစိုးရအနေနဲ့ သစ်ခိုးထုတ်မှုတွေ စီးဝင်နေတာတွေကို လိုလားတဲ့ ပုံစံတွေ မရှိဘူး။ ဒါပေမယ့် သူတို့လက်အောက်မှာရှိတဲ့ ယူနန်အစိုးရကိုကတော့ အကျိုးစီးပွား ပါဝင်ပတ်သက်နေတဲ့ သဘောတော့ တွေ့နေရတယ်။ သူတို့နိုင်ငံထဲမှာရှိနေတဲ့ စက်ရုံတွေ ကုန်ကြမ်းလွယ်လွယ် ရဖို့ အကြောင်းပြုပြီး သူတို့လူတွေကို တားမြစ်တဲ့ နေရာမှာ အရှိန်ပျော့နေတယ်လို့ထင်တယ်” ဟု ဝန်ကြီး ဦးဝင်းထွန်းက ပြောသည်။
၂၀၁၄ ခုနှစ် မတ်လတွင် သစ်အလုံးလိုက်တင်ပို့မှု ရပ်ဆိုင်းလိုက်ပြီးနောက်ပိုင်း ပြည်ပသို့ သစ်အကြမ်း ထည် ပေးပို့မှုအစား ပြည်တွင်းတွင် သစ်အချောထည်ပြုလုပ်ပြီးမှသာ ပြည်ပသို့ တင်ပို့ခွင့်ပေးခဲ့သည်။ ယင်းနောက်ပိုင်း တွင် သစ်အကြမ်းထည်များသည် မှောင်ခိုလမ်းကြောင်းမှ တစ်ဆင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်မှုများ ပိုလာခဲ့သည်ဟု ၎င်းက ဆိုသည်။
“ခက်တာက မအေးချမ်းတဲ့ နေရာတွေက သစ်ခိုးထုတ်မှုတွေ ပိုများနေတဲ့အတွက် အဲ့ဒီနေရာတွေကိုကျတော့ သစ်တော ဝန်ထမ်းတွေက သွားပြီး ဖမ်းဆီးလို့မရတာတွေရှိတယ်” ဟု ဝန်ကြီး ဦးဝင်းထွန်းက ပြောသည်။
သစ်ခိုးထုတ်မှုများ ထိန်းချုပ်ပေးရန်အတွက် တရုတ်ပြည် ဗဟိုအစိုးတာဝန်ရှိသည့် သစ်တောဝန်ကြီးနှင့် လည်းကောင်း၊ ယူနန်အစိုးရနှင့် လည်းကောင်း၊ မြန်မာပြည်ဆိုင်ရာ တရုတ်သံအမတ်တို့ကို လည်းကောင်း တရားမဝင် သစ်ခိုးထုတ်မှုများ တားမြစ်ပေးရန် မြေပုံများ အချက်အလက်တွေ ပြောကြားခဲ့ပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။
အထက်ချင်းတွင်းလူငယ်ကွန်ယက်မှ ကိုကျောက်သက်ဝင်းက “ သစ်ခိုးထုတ်မှုတွေနဲ့ ပတ်သက်ပြီး တစ်လကို တန် ၂၂၀ လောက်ပုံမှန် ခိုးနေတာ တွေ့ရတယ်။ ချင်းတွင်းမြစ်ဘက်ကနေ ကျောက်မီးသွေး ပို့တဲ့ လမ်းကြောင်းကနေ ခိုးနေတာတွေကတော့ ဖမ်းလို့ မရဘူး။ ကုန်းတွင်းပိုင်းမှာဆို ဖမ်းလို့ရတယ်။ ခိုးထုတ်တဲ့သစ်တွေမှာ တမလန်းသစ်တွေပဲ များတယ်။ အဲ့ဒါတွေကလည်း တရုတ်ပြည်ကိုပဲ မှောင်ခို သွင်းနေတာ” ဟု ပြောသည်။
တရုတ်ပြည်မှ ပိတောက်နှင့် တင်ပို့ခွင့်နှင့် သုံးစွဲခွင့် တားမြစ်ထားသည့် တမလန်းသစ်များဝယ် လိုအား အလွန်များနေ သည့် အတွက် မြန်မာနိုင်ငံမှ အလွန်အကျွံခိုးယူမှု များနေရခြင်းဖြစ်ကြောင်း၊ သစ်တောဦးစီးဌာနမှ ကာကွယ်မှုများ ရှိနေသော်လည်း ထိရောက်စွာ တားမြစ်နိုင်ခြင်း မရှိသေးကြောင်းလည်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် က ပြောသည်။
No comments:
Post a Comment