Tuesday, November 11, 2014

ကိုပါကြီးသေဆုံးမှု အလောင်းဆေးစစ်ချက်နှင့် တပ်ပိုင်းဆိုင်ရာ စစ်ဆေးရန်သာကျန်ဟု လူ့အခွင့်ရေး ကော်မရှင်ဆို

မင်းဟိန်းထက်

ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး သေဆုံးမှုကို ပထမအဆင့် စစ်ဆေးမှု ပြီးစီးသွားသော်လည်း ထပ်မံစစ်ဆေးရန် လိုအပ်နေသောကြောင့် ဒုတိယအဆင့် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်က နိုဝင်ဘာ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

အလွတ်သတင်းထောက် ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်ပြီး ကော်မရှင်က အခင်းဖြစ်ပွားခဲ့သည့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်သို့ သွားရောက်ကာ နိုဝင် ဘာ ၂ ရက်တွင် စတင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ပထမအဆင့် စစ်ဆေးရာတွင် အမှုနှင့် အဓိကသက်ဆိုင်သည့် ၂၁၀ ခြေမြန်တပ်ရင်း၊ ခ.မ.ရ ၂ဝ၈၊ ခ.မ.ရ ၂ဝ၄၊ ခ.မ.ရ ၈၁တို့အပြင်အလောင်းကိုရင်ခွဲစစ်ဆေး ခဲ့သည့် မှုခင်းဆရာဝန်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံသတင်းထောက်များနှင့် ဒေသခံများ စုစုပေါင်း လူ ဦးရေ ၃၀ ကျော်ကို ကော်မရှင်က စစ်ဆေးမေးမြန်းခဲ့ သည်ဟု ဆိုသည်။

“ပထမတဆင့် စစ်လို့ပြီးသွားပေမယ့် ရင်ခွဲဆေးစစ်ချက်အဖြေနဲ့ ဓါတ်ခွဲဆေးစစ်ချက်အဖြေ မရသေးဘူး။ ဒီအဖြေတွေကိုကျန်းမာရေးဝန်ကြီးဌာနကနေတောင်း ထားတယ်။ ပြီးတော့ တပ်ပိုင်းဆိုင်ရာ စစ်ဖို့လိုအပ်တာရှိသေးတယ်”ဟု ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြောသည်။

ကော်မရှင်မှ ပထမဆင့်စစ်ဆေးမှုတွင် ကိုပါကြီးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဒု-တပ်ကြပ်ကိုပါ ခေါ်ယူစစ်ဆေးခဲ့သည်ဟုဆိုသည်။ သို့သော် လက်ရှိအချိန် တွင် သေဆုံးမှုနှင့်ပတ်သက်ပြီး ထပ်မံစစ်ဆေးရန် ရှိနေသောကြာင့် ထင်မြင်ချက်မပေးလိုသေးကြောင်းနှင့် ဒုတိယအဆင့်စစ်ဆေးမှုပြီးစီးမှသာ ကိုပါကြီးမည် သို့ သေဆုံးသွားဆိုသည့် ကော်မရှင်၏ သုံးသပ်ချက် အစီရင်ခံစာကို ရေးသားတင်သွင်းသွားမည်ဟုဆိုသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့ ကျိုက်မရောမြို့နယ် ရွေဝါချောင်ကျေးရွာအနီးတွင် မြုပ်နှံထားသည့် ကိုပါကြီး၏ အလောင်းကို နိုဝင်ဘာ ၅ရက်တွင် တူးဖော် ကာ မော်လမြိုင်ဆေးရုံကြီးတွင် ဆေးစစ်ချက်ယူခဲ့ပြီး နိုဝင်ဘာ ၇ ရက် မနက် ၈ နာရီခန့်တွင် မော်လမြိုင်မှ ရန်ကုန်မြို့ ရေဝေးသုသာန်သို့ သယ်ဆောင်ကာ ညနေ ၆နာရီခန့်တွင် နေ့ချင်း ဂူသွင်းသဂြိုဟ်ခဲ့သည်။

အလောင်းကို မော်လမြိုင်ဆေးရုံကြီးတွင် မှုခင်းဆိုင်ရာ ဆရာဝန်များနှင့် စစ်ဆေးရာတွင် မေးစေ့ကို အနီးကပ် ပစ်ထားသောကျည်ဆံရာ၊ ရင်ဘတ်၊ နောက် ကျောနှင့် ပေါင်တို့တွင် သေနတ်ဒဏ်ရာ ငါးချက် တွေ့ရှိကြောင်း ခွဲစိတ်ရာတွင်ပါဝင်သည့် မှုခင်းဆရာဝန်များက ပြောသည်ဟု ကိုပါကြီး၏ဇနီးမသန္တာက နိုဝင် ဘာ ၆ရက်တွင် မဇ္ဈိမကို ပြောသည်။

ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးကို DKBA အဖွဲ့၏ အဖွဲ့ငယ် KKO အဖွဲ့ဝင်ဖြစ်ပြီး တပ်မတော်မှ ထိန်းသိမ်းထားချိန်တွင် ကိုပါကြီးက အပေါ့သွားလိုသည်ဟု အကြောင်းပြကာ ကင်းစောင့်စစ်သည်ထံမှ သေနတ်ကိုလုယူ ထွက်ပြေးသောကြောင့် အခြားကင်းစောင့်စစ်သည်က ပစ်ခတ်သဖြင့် သေနတ် ဒဏ်ရာဖြင့် သေ ဆုံးခဲ့သည်ဟု အောက်တိုဘာ ၂၃ ရက်နှင့် အောက်တိုဘာ ၃၁ ရက်တွင် တပ်မတော်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

No comments: