ABC
မြန်မာနိုင်ငံမှာ မနေ့ကစပြီး ၂၅ ကြိမ်မြောက် အာဆီယံ အစည်းအဝေးပွဲကြီးကို စတင်လိုက်ပြီး အာဆီယံ ခေါင်းဆောင် ၁၀ ဦးအပြင် ကမ္ဘာ့ခေါင်းဆောင်တွေလည်း ရောက်ရှိနေကြပါတယ်။
အာဆီယံ အစည်းအဝေးနဲ့ တခြား သက်ဆိုင်တဲ့ အစည်းအဝေးအတွင်း တောင်တရုတ် ပင်လယ်ပြင်က နယ်မြေပိုင်ဆိုင်မှု ပြဿနာအကြောင်း၊ IS အစ္စလာမ်မစ် စစ်သွေးကြွအကြောင်းနဲ့ အီဘိုလာ ရောဂါပိုးကိစ္စတွေကို အဓိကထား ဆွေးနွေးဖို့ ရှိပါတယ်။
East Asia Summit အရှေ့အာရှ ညီလာခံအတွက် အမေရိကန် သမ္မတ၊ ရုရှားဝန်ကြီးချုပ်၊ သြစတြေးလျ ဝန်ကြီးချုပ်၊ တရုတ်နိုင်ငံခေါင်းဆောင်၊ အိန္ဒိယခေါင်းဆောင်နဲ့ ဂျပန်ဝန်ကြီးချုပ် အစရှိတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေလည်း မြန်မာနိုင်ငံကို ရောက်ရှိနေကြပါတယ်။
မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာလည်း နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ စဉ်ဆက်မပြတ် အချိန်အနည်းငယ်စီ ဖဲ့ပြီး လက်ခံတွေ့ဆုံမှုတွေ လုပ်နေကြပါတယ်။
မနေ့တုန်းကတော့ သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန် သမ္မတ ဘားရက်အိုဘားမားနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်တဲ့ အမေရိကန် သမ္မတ ဖြစ်ရတာကို ဂုဏ်ယူကြောင်း အိုဘားမားက ပြောဆိုခဲ့ပြီး၊ သမ္မတ ဦးသိန်းစိန်ရဲ့ လက်ထက်အတွင်း ပြုပြင်ပြောင်းလဲမှုတွေ ရှိပေမယ့် တချို့ကဏ္ဍမှာတော့ စိုးရိမ်ရဆဲဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။
ဘန်ကီမွန်းလည်း ရောက်ရှိနေ
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာအစိုးရ အရာရှိ တချို့နဲ့ မနေ့က တွေ့ဆုံခဲ့ပြီး ရိုဟင်ဂျာ မွတ်စလင်အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်မိကြောင်း ပြောသွားခဲ့သလို လူသားချင်း ကူညီထောက်ပံ့ရေး အကူအညီတွေကို လိုအပ်သူတွေ လက်ထဲ ရောက်ရှိအောင် လုပ်ဆောင်ပေးဖို့ တောင်းဆို တိုက်တွန်းလိုက်ပါတယ်။
ရိုဟင်ဂျာတွေဟာ ခွဲခြား ဆက်ဆံ ခံနေရသလို အကြမ်းဖက်မှုတွေလည်း ခံနေရတဲ့အတွက် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာကို လေးစားလိုက်နာဖို့ တောင်းဆိုလိုကြောင်းလည်း ဘန်ကီမွန်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီရဲ့ အရေးကြီးတဲ့ လက္ခာဏာတစ်ခုဖြစ်ပြီး အားလုံး ပါဝင်နိုင်ပြီး ပွင့်လင်းမြင်သာမှု ရှိတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ မျှော်လင့်ကြောင်း ပြောသွားခဲ့ပါတယ်။
ဘန်ကီမွန်းဟာ ဒီကနေ့မှာတော့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သီးသန့်စီ တွေ့ဆုံမှာ ဖြစ်ပါတယ်။
သြစီ ဝန်ကြီးချုပ်ကလည်း အာဆီယံ-သြစတြေးလျ ကောင်စီဖွဲ့
မန်မာနိုင်ငံ ခရီးစဉ်အတွင်း သြစတြေးလျ ဝန်ကြီးချုပ် တိုနီအာဘော့တ်က သြစတြေးလျ- အာဆီယံ ကောင်စီတစ်ခုကို ဖွဲ့စည်းလိုက်ပါတယ်။
သြစတြေးလျ-အာဆီယံ ကောင်စီက အရှေ့တောင်အာရှနဲ့ သြစတြေးလျအကြား ကုန်သွယ်ရေးတွေ မြှင့်တင်နိုင်ဖို့အတွက် ဖွဲ့စည်းတာ ဖြစ်ပါတယ်။
မနေ့တုန်းကပဲ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ သြစတြေးလျ ဝန်ကြီးချုပ်ဟာ မြန်မာသမ္မတ ဦးသိန်းစိန်အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
သြစတြေးလျအစိုးရက နိုင်ငံတကာကို ပေးနေတဲ့ ကူညီထောက်ပံ့မှုတွေကို လျှော့ချခဲ့ပေမယ့် မြန်မာနိုင်ငံအပေါ်မှာတော့ ပိုတိုးပေးခဲ့ပြီး အထူးသဖြင့် မိခင်နဲ့ ကလေး ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍနဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အကူအညီ ပေးထားပါတယ်။
ဒီကနေ့မှာ ကျင်းပမယ့် East Asia Summit ညီလာခံကို တက်ရောက်ပြီးတာနဲ့ သြစတြေးလျ ဝန်ကြီးချုပ်ဟာ သြစတြေးလျနိုင်ငံကို အရင်ဆုံး ပြန်လာပြီး G20 အစည်းအဝေးအတွက် ပြင်ဆင်မှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကလည်း နောက်ရက်ကျရင် သြစတြေးလျနိုင်ငံကို လာရောက်ပြီး G20 အစည်းအဝေး တက်ရောက်ကြမှာ ဖြစ်ပါတယ်။
မြန်မာ သမ္မတ ဦးသိန်းစိန်ကလည်း G20 အစည်းအဝေးကို တက်ရောက်မယ့် လူတွေထဲမှာ ပါဝင်ကြောင်း သိရပါတယ်။
ဂျပန်ကလည်း မြန်မာကို ယမ်းငွေ ၂၅.၈ ဘီလီယံ ချေးငှားမယ်လို့ ကမ်းလှမ်း
ဂျပန်နိုင်ငံ ဝန်ကြီးချုပ်က မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းအတွက် ဂျပန်ယမ်းငွေ ၂၅.၈ ဘီလီယံ ချေးငှားနိုင်ကြောင်း မြန်မာအစိုးရကို ကမ်းလှမ်းလိုက်ပါတယ်။
အဲဒီ ငွေကြေးတွေက သီလာဝါ ဆိပ်ကမ်း တည်ဆောက်ရေးနဲ့ စွမ်းအင်စက်ရုံ တည်ဆောက်ရေးအတွက် အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်ကြောင်းနဲ့ မြန်မာနိုင်ငံက အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းရှင်တွေကို ငွေချေးငှားနိုင်မှာ ဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။
ဗုဒ္ဓဘာသာဝင်နဲ့ မွတ်စလင်တွေအကြား တင်းမာမှုတွေ ဖြေလျှော့သွားဖို့ မျှော်လင့်သလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ ဖြစ်နေတဲ့ တင်းမာမှုတွေလည်း လျော့ကျသွားဖို့ မျှော်လင့်တယ်လို့လည်း ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေက သမ္မတ ဦးသိန်းစိန်ကို ပြောသွားခဲ့ပါတယ်။
ဒါ့အပြင် ဒေသတွင်းနဲ့ သက်ဆိုင်တဲ့ မြောက်ကိုရီးယား အရေးလို ကိစ္စရပ်တွေမှာလည်း နှစ်နိုင်ငံ အနီးကပ် ပူးပေါင်း လုပ်ဆောင်ကြဖို့ ဂျပန်နဲ့ မြန်မာ ခေါင်းဆောင်တွေ သဘောတူညီခဲ့ကြပါတယ်။

No comments:
Post a Comment