စည်သူမောင်မောင်
SKY LINK ဖုန်းဆိုင် အောက်တိုဘာ လ ၂၉ ရက် ဖောက်ထွင်းခံရမှုကို ကျူးလွန်သူများသည် ပုသိမ်မြို့ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားများ ဖြစ်သည်ဟု ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံး ဒု-ရဲမှူး အောင်နိုင်မိုးက အတည်ပြုသည်။
“အကျဉ်းသားတွေကို ထောင်အပြင်မှာ အိပ်ခိုင်းထားတဲ့သူတွေလို့ သိရတယ်၊ ထောင်က မလွတ်သေးပါ ဘူး၊ စစ်ပြေး၊ ခိုးမှုနဲ့ ပြစ်ဒဏ် ကျခံနေရသူတွေဖြစ်တယ်”ဟု ၎င်းက ပြောသည်။
၎င်းတို့သည် ဖုန်းဆိုင်အတွင်းရှိ ငွေသားနှင့် ပစ္စည်း ၁၁ သိန်းကျော် ခိုးယူခဲ့သည်ကို လုံခြုံရေး ကင်မရာ CCTV မှ တစ်ဆင့် ဖော်ထုတ်ရရှိခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ထိုသူတို့ကို အောက်တိုဘာ ၃၀ ရက် ညပိုင်းတွင် ပုသိမ်မြို့ ရွှေစေတီလမ်း၌ ဖမ်းဆီးရမိသည်ဟု ဒုရဲမှူး အောင်နိုင်မိုးက ပြောသည်။
ကျူးလွန်သူများသည် ဒေါ်လာခိုးမှုဖြင့် ပြစ်ဒဏ်ကျခံနေရသူ မျိုးဇော်နှင့် စစ်ပြေးမှုဖြင့် ပြစ်ဒဏ်ကျခံနေရသူ အောင်ရဲထက် တို့ဖြစ်သည်ဟု ဒု-ရဲမှူးက အတည်ပြုသည်။ ၎င်းတို့ကို ပုသိမ်မြို့မ ရဲစခန်းက ခိုးမှု၊ သလပ် ခွာ ရဲစခန်းက အောက်တိုဘာ ၂၈ ရက်တွင် ထောင်ပြေးမှုဖြင့် အမှုဖွင့်ထားသည်ဟု ၎င်းက ပြောသည်။
“ထောင်က အခုလို အလုပ်ခိုင်းလို့ပဲဖြစ်ဖြစ်၊ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်အပြင်မှာတော့ မထားသင့်ဘူး၊ သူတို့ပြစ်ဒဏ်ကျူး လွန်ဖို့အတွက် လွယ်ကူနေတယ်၊ သူတို့ တာဝန်ပေါ့တာ ပြည်သူတွေအတွက်စိုးရိမ် စရာအခြေအနေတွေဖြစ်စေတယ်။ တာဝန် ရှိတဲ့သူတွေကို ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဖို့တော့လိုတယ်။ မလွတ်သေးတဲ့ အကျဉ်းသားကို အခုလို လုပ်ပိုင်ခွင့်ရှိလို့လား” ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူအဖွဲ့အစည်း (ပုသိမ်)မှ ဦးစိုးလှိုင်ဦးက ဝေဖန်သည်။
ပြစ်မှုကျူးလွန်သူများနှင့် စပ်လျဉ်း၍ ပုသိမ်အကျဉ်းဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ရှိသူ အစည်းအဝေး တက်နေသည်ဟုသာ မဇ္ဈိမကို ပြန်လည် ဖြေဆိုခဲ့သည်။
No comments:
Post a Comment